အာဖဂန်နစ္စတန်မှာ စာကြည့်တိုက်လှူတဲ့ အိန္ဒိယဝန်ကြီးချုပ်ကို ထရမ့် လှောင်ပြောင်

အာဖဂန်နစ္စတန်မှာ စာကြည့်တိုက်လှူတဲ့ အိန္ဒိယဝန်ကြီးချုပ်ကို ထရမ့် လှောင်ပြောင်
Photo: AFP

၀ါရှင်တန်၊ ဇန်နဝါရီ ၃ ။      ။ အာဖဂန်နစ္စတန်နိုင်ငံမှာ စာကြည့်တိုက်အတွက် ရန်ပုံငွေ လှူဒါန်းတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒါဟာ အသုံးဝင်လိမ့်မှာ မဟုတ်ဘူးလို့ ဆိုရင်း လှောင်ပြောင်ခဲ့ပါတယ်။

အမေရိကန်ကို ပြည်ပမှာ ရင်းနှီးမြုပ်နှံမှု နည်းအောင် လုပ်ဆောင်လျက် ရှိတာနဲ့ ပတ်သက်ပြီး ထရမ့်က ခုခံကာကွယ်ပြောဆိုခဲ့တဲ့ ကက်ဘိနက်အစည်းအဝေးတစ်ရပ်အပြီး သတင်းစာရှင်းလင်းရာမှာ ခုလို ပြောခဲ့တာပဲ ဖြစ်ပါတယ်။

 “အိန္ဒိယ ခေါင်းဆောင်ဟာ ကျွန်တော်ကို ပြောတယ်။ သူဟာ အာဖဂန်နစ္စတန်မှာ စာကြည့်တိုက် ဆောက်လုပ်လှူဒါန်းနေကြောင်းကို အခါမလပ် ပြောတယ်ဗျာ။ ဒါဟာ ဘာလဲဆိုတာ ခင်ဗျားတို့ သိလား။”လို့ အိန္ဒိယဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး ထရမ့်က ထည့်သွင်းပြောဆိုပါတယ်။

“ကျွန်တော်တို့ဖက်က ဒါနဲ့ ပတ်သက်ရင် ပြောစရာ တစ်ခုတော့ ရှိတာပေါ့။ အိုး--စာကြည့်တိုက်အတွက် ကျေးဇူးတင်ပါတယ်။ အာဖဂန်မှာ ဒါကို ဘယ်သူတွေက သုံးမလဲဆိုတာတော့ ကျွန်တော် မသိဘူး။ အဲဒီလိုပဲ ပြန်ပြောရတော့မှာပေါ့။”ဆိုပြီး ထရမ့်က ပြောဆိုခဲ့တာပါ။

ထရမ့်အနေနဲ့ ဘယ်စာကြည့်တိုက် လှူဒါန်းမှုကို ရည်ညွှန်းပြောဆိုနေမှန်း မသိရပေမယ့် အိန္ဒိယနိုင်ငံဟာ အာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ သုံးဘီလီယံအထိ အကူအညီတွေ ထောက်ပံ့ပေးအပ်ထားတာပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကြီးဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ အာဖဂန်နစ္စတန်က အစွန်းရောက် တာလီဘန်အစိုးရကို ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly