မြန်မာ့အငွေ့အသက်နှင့် မစိမ်းသူတစ်ဦးဟာ ONE Championship ၏ နောက်ဆုံး Super Series နှင့် စာချုပ်ချုပ်ဆိုခဲ့

မြန်မာ့အငွေ့အသက်နှင့် မစိမ်းသူတစ်ဦးဟာ ONE Championship ၏ နောက်ဆုံး Super Series နှင့် စာချုပ်ချုပ်ဆိုခဲ့

ဧပြီလမှ အစပြု၍ ONE Super Series သည် ကမ္ဘာတဝန်းရှိ တိုက်ခိုက်စွမ်းရည်ကောင်းမွန်သော ကစားသမားများကို ONE ခေါင်းစီးအောက်သို့ခေါ်ယူမည်ဟူသော သူ၏ ကတိစကားအတိုင်း စတင်လှုပ်ရှားနေပြီဖြစ်သည်။ ONE မှ အရည်အချင်းရှိသော ပါရမီရှင် ရှာဖွေရေးသမားများမှာ ကမ္ဘာ့ဒေသအသီးသီးမှ ပါရမီရှင်များရှာဖွေရေးအတွက် ယခုနှစ်ပိုင်းတွင်း အလွန်ပင် အလုပ်များခဲ့ရသည်။

Yodsanklai IWE Fairtex၊ Giorgio “The Doctor” Petrosyan နှင့် Nieky Holzkenတို့မှာ ၂၀၁၈ခုနှစ် Super Series တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ONE ၏ အကျော်အမော်သုံးဦးပင်ဖြစ်သည်။

Super Series သို့ ကစားသမားအသစ်များနှင့် စာချုပ်ချုပ်ဆိုလာခြင်းမှာ ကမ္ဘာ့ဒေသအသီးသီးမှ ကစားသမားကောင်းများအား ONE မှ မည်မျှလိုလားနေသည်ကို မီးမောင်းထိုးပြနိုင်သည့် ဥပမာကောင်းတစ်ခုပင်ဖြစ်သည်။

တောင်ပစိဖိတ်သမုဒ္ဒရာတွင်းရှိ နယူးဇီလန်နိုင်ငံတွင် မွေးဖွားဆင်းသက်သူတစ်ဦးဖြစ်သည့် Alexi “Phet” Serepisos မှာ နိုင်ငံကိုယ်စားပြုကစားသမားများအနက်မှ အောင်မြင်ထင်ရှားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံနှင့်လည်း ထူးခြားစွာအဆက်အသွယ်ရှိသူတစ်ဦးဖြစ်ပေသည်။

အသက်၂၄နှစ်အရွယ်ရှိသော Alexi Serepisos သည် သူ့အသက် ၁၆ နှစ် အရွယ်မှ စတင်၍ ကိုယ်ခံပညာလေ့ကျင့်ခဲ့သူတစ်ဦးဖြစ်ပြီး သူ၏ ကစားသမားသက်တမ်းတလျောက်တွင် ထူးချွန်ဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားပြီး ၂၀၁၆ IKBF လိုက်ဝတ်တန်းကမ္ဘာ့ချန်ပီယံတစ်ဦးလည်းဖြစ်သည်။

Alexi Serepisos သည် နယူးဇီလန်နိုင်ငံ၊ ဟမယ်လ်တန်ပြည်ထောင်စုရှိ House of Painအားကစားခန်းမကြီးတွင် လေ့ကျင့်ရေးများကို ပြုလုပ်လေ့ရှိပြီး သူ၏ အားကစားမှတ်တမ်းမှာ ၅၃-၄၀-၁၃ ဖြင့်ရပ်တည်လျက်ရှိနေသည်။ သူသည် မဆုတ်မနစ်ကြိုးစားတတ်သူဖြစ်ပြီး စိန်ခေါ်မှုတိုင်းကိုလည်း ကြိုးစားယှဉ်ပြိုင်လိုသော စိတ်ဓာတ်လည်းရှိသည်။

“ကျွန်တော်က ပွဲတွေယှဉ်ပြိုင်တိုင်းမှာ အရင်ကပြိုင်ခဲ့ဖူးတဲ့ပွဲတွေထက် ပိုပြီးခက်ခဲမယ့် ပွဲမျိုးကိုပဲ ပြိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့မှတ်တမ်းတွေကို ပြန်ကြည့်လိုက်ရင် ရှုံးပွဲတွေလည်းတွေ့ရမှာပါ” “ကျွန်တော်က လွယ်ကူတဲ့ပွဲစဉ်နဲ့ ခက်ခဲတဲ့ပွဲစဉ်တွေဆို ခက်ခဲတဲ့ပွဲစဉ်တွေကိုပဲ ယှဉ်ပြိုင်ဖို့ရွေးချယ်တတ်ပါတယ်” ဟု Alexi Serepisosကဆိုသည်။

Alexi Serepisos ၏ ပြင်းထန်သော ယှဉ်ပြိုင်လိုစိတ်ကို ကြည့်ချင်းအားဖြင့် သူ့အဖို့ စင်ကာပူအခြေစိုက်အသင်းဖွဲ့ကြီးဖြစ်သော ONE သို့ မည်မျှဝင်ရောက်လိုကြောင်း တွေ့နိုင်သည်။

“ONE Championship မှာ Super Series ပွဲတွေ မရှိခင်ကတည်းက ကျွန်တော်စိတ်ဝင်စားနေခဲ့တာပါ။ ဒီ Super Series ပွဲကို တွေ့မြင်ရပြီးတဲ့နောက်မှာ ကျွန်တော်ဒီကိုလာချင်တာ ပိုသေချာသွားပါတယ်။” ဟု Serepisos က ပြောကြားသွားခဲ့သည်။

“ONE မှာ ရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးကောင်းတွေက ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာ မျှော်လင့်ချက်တွေ ရစေတာပါ။”

မြန်မာနိုင်ငံကို နောက်တစ်ကြိမ်ပြန်လာရခြင်းကလည်း Serepisos အတွက် စိတ်လှုပ်ရှားစရာ အကြောင်းအရာတစ်ခုဖြစ်စေသည်။ သူသည် ၂၀၁၇ ခုနှစ်တွင် လက်ဝှေ့ပြိုင်ပွဲတစ်ခုအတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသည်။ ဒီခရီးစဉ်ကို သူဘယ်တော့မှမေ့လို့မရခဲ့ပါဘူးလို့ ဆိုခဲ့သည်။

“ကျွန်တော်ဟာ ကမ္ဘာ့လက်ဝှေ့ဆုကို ရယူဖို့ ယှဉ်ပြိုင်တဲ့ ပထမဆုံး နယူးဇီလန်နိုင်ငံသားဖြစ်ပါတယ်။” “ကျွန်တော် ကမ္ဘာအရပ်ရပ်က ဒေသတွေမှာ ယှဉ်ပြိုင်ဖူးပါတယ်။ တကယ်တော်တဲ့သူ အမြောက်အမြားနဲ့လည်း ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ မတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေကြားမှာ ကျွန်တော်ဟာ ချုဘောက်စင် (chute boxing)၊ ကစ်ဘောက်စင်(kickboxing)၊ ထိုင်းရိုးရာလက်ဝှေ့မှ သာမာန်လက်ဝှေ့ကစားနည်းများပါမကျန် ကစားခဲ့ဖူးပါတယ်။ လက်ဝှေ့ဆိုတဲ့အရာက ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ရဲ့လက်တွေကိုကြည့်ပြီး ‘ငါတကယ်လုပ်နိုင်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး’ လို့တွေးမိစေတဲ့အရာပါ” ဟု Serepisosက ပြောပြခဲ့သည်။

Serepisos ဟာ ဆုကိုမသိမ်းပိုက်နိုင်ခဲ့ပါဘူး။ သို့သော် သူသည် မြန်မာပြည်မှာရှိနေခဲ့သည့် အချိန်တွေကို အင်မတန်တန်ဖိုးထားကြောင်းကို ဖော်ပြခဲ့သည်။

“ကျွန်တော်ရှုံးပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် ဒီခရီးမှာ ကျွန်တော် အရမ်းပျော်ခဲ့ရပါတယ်။ ရွှေတိဂုံစေတီကိုလည်း ကျွန်တော်တို့ သွားခဲ့ကြပါတယ်။ အဲဒီနေရာက ကျွန်တော့်အတွက် အလွန်စိတ်ဝင်စားဖို့ကောင်းပြီးတော့ ဂန္ဘီရဆန်တဲ့ ခံစားချက်မျိုး ရရှိစေတာက အရမ်းထူးခြားပါတယ်။” “ကျွန်တော်တို့ဟာ ဘုရားကို ပွဲမတိုင်ခင်တစ်ရက်က သွားခဲ့တာကြောင့် ကောင်းတဲ့ ခံစားချက်များကိုလည်း ရရှိစေပါတယ်။”ဟု သူက ဆိုခဲ့ပြန်သည်။

ယခုအချိန်တွင် ONE Super Series ကဲ့သို့ ကမ္ဘာ့ဒေသအသီးသီးတွင် သွားရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲကြီးနှင့် စာချုပ်ချုပ်ဆိုထားပြီဖြစ်သော Serepisos သည် မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် အခွင့်အရေးကို မျှော်လင့်စောင့်ဆိုင်းလျက်ရှိနေသည်။

“ကျွန်တော်က ရေရှည်အတွက်မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံကို လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ်၊ ဆယ်ကြိမ်မကဘဲ အကြိမ်ပေါင်းများစွာကို လာလည်ချင်ပါတယ်။ ကျွန်တော် ဒီနေရာကို အရမ်းမြတ်နိုးပါတယ်။”

Serepisos သည် လာမည့် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် သူ၏ ONE ပွဲဦးထွက်ပွဲကို ယှဉ်ပြိုင်မည်ဟုဆိုသည်။ သူဘယ်နေရာမှာ ပွဲဦးထွက်ယှဉ်ပြိုင်မယ်ဆိုတာ မဆုံးဖြတ်ရသေးသော်လည်း မြန်မာနိုင်ငံတွင် ပွဲဦးထွက်ဖြစ်မည်ဆိုပါက သူ့ထက်ပျော်ရွှင်သောသူပင်ရှိလိမ့်မည်မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly