ဆေးသုံးစရာမလို၊ အရက်သောက်စရာမလိုဘဲ လွင့်မြောက်နေစေရမယ်ဆိုတဲ့ 9 Dreams Show

ဆေးသုံးစရာမလို၊ အရက်သောက်စရာမလိုဘဲ လွင့်မြောက်နေစေရမယ်ဆိုတဲ့ 9 Dreams Show

ရန်ကုန်၊ ဇန်နဝါရီ ၂ ။                 ။ ဆေးသုံးစရာမလို၊ အရက်သောက်စရာမလိုဘဲ (လုံးဝ) လွင့်မြောက်နေစေရမယ်လို့ဆိုပြီး အဆိုတော် ဖြူဖြူကျော်သိန်းက ရှိုးပွဲကိုလာကြည့်ကြဖို့ ပရိတ်သတ်တွေကိုဖိတ်ခေါ်လိုက်ပါတယ်။

ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာပြုလုပ်ဖို့ရှိနေတဲ့ 9 Dreams Show 2019 လို့အမည်ပေးထားတဲ့ ပွဲနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၂ ရက်နေ့က အောခ်ကစ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

“ ဆေးသုံးစရာမလိုဘူး၊ အရက်သောက်စရာမလိုဘူး။ လုံးဝ လွင့်မြောက်နေစေရမယ်။ အာမခံတယ်။ တီးဝိုင်းတွေကတီးထားတဲ့အသံတွေကိုသာ စက်အမိုက်စားတွေကနေကနေပြီးတော့ လပ်လပ် လပ်လပ် ဖြစ်နေအောင်ကြားရလိမ့်မယ်။ အနုပညာရှင်တွေရဲ့ဖျော်ဖြေမှုက လန်ပျံနေတဲ့အခါပြီးတော့ လုံးဝ တစ်ခါတည်းမြောက်နေတယ်လို့ခံစားစေရမယ်” လို့ အဆိုတော် ဖြူဖြူကျော်သိန်းကပြောပါတယ်။

သီဆိုဖျော်ဖြေမယ့် အဆိုတော် ၉ ယောက်ဖြစ်တာကြောင့် 9 Dreams Show 2019 ဆိုပြီး အဆိုတော် ဂျီလတ်ကနေ အမည်ပေးခဲ့တာ လို့လည်း သိရပါတယ်။

9 Dreams Show 2019 ပွဲကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ရှိ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပြီး နောနော်၊ ဂျီလတ်၊ ဝေလ၊ ဖိုးပြည့်၊ ထက်အောင်ရှိုင်း၊ ဖြူဖြူကျော်သိန်း၊ ဆုန်သင်းပါရ်၊အိုင်ရင်းဇင်မာမြင့်၊ငဲငယ်လေး တို့က ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

“ ဒီပွဲမှာကျွန်တော်တို့လည်း ကြိုးစားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ Rocker အားလုံးနီးပါးရှိတယ်လေ။ ဆိုတော့ ကျွန်တော်တို့အပိုင်းကလည်း လျော့မှာမဟုတ်ပါဘူး။ မလျော့ဘူးဆိုတာက တီးတဲ့အပိုင်း၊ ဆိုတဲ့အပိုင်း အကောင်းဆုံးဖျော်ဖြေသွားဖို့ရှိပါတယ်” လို့ အဆိုတော် နောနော်က လည်းပြောပါတယ်။

လာမယ့် ဇန်နဝါရီ ရရက်နဲ့ ၈ရက်တွေမှာ သီချင်းတိုက်တာတွေလုပ်သွားမှာဖြစ်ပြီးတော့ အဆိုတော် တစ်ယောက်ကို အနည်းဆုံး ၄ ပုဒ်ဖျော်ဖြေ ပေးသွားမှာလို့လဲ ပွဲစီစဉ်တဲ့သူတွေကပြောပါတယ်။

အဆိုပါ 9 Dreams Show ပွဲအတွက် လက်မှတ်စျေးနူန်းတွေကတော့ အနည်းဆုံး တစ်သောင်းကျပ်ကနေ ငါးသောင်းကျပ်အထိစျေးရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly