တောင်ဥက္ကလာတွင် အမှန်တကယ် မရှိသူ ရှစ်သောင်းကျော် မဲစာရင်းတွင် ပါဝင်နေ

တောင်ဥက္ကလာတွင် အမှန်တကယ် မရှိသူ ရှစ်သောင်းကျော် မဲစာရင်းတွင် ပါဝင်နေ
တောင်ဥက္ကလာပ မြို့နယ်တွင် မြို့တော်ဝင်ဟောင်း ဦးအောင်သိန်းလင်းလည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၉ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ)

ရန်ကုန်၊ စက်တင်ဘာ ၂၉။        ။ တောင်ဥက္ကလာပမြို့နယ်အတွင်း အမှန်တစ်ကယ်မနေထိုင်သည့်သူ ရှစ်သောင်းကျော်မှာ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် ပါဝင်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။

"ရပ်ကျေးက ကောက်တဲ့ နေထိုင်သူစာရင်းနဲ့ မဲစာရင်းကို တိုက်ကြည့်တဲ့အခါ သိရတာပဲ။ တစ်ချို့အိမ်ဆိုရင် ၃၀ လောက်ကို ပိုတာရှိတယ်။ အိမ်ပိုင်ရှင်ကိုယ်တိုင် ကန့်ကွက်ပေမယ့် ထုတ်ပေးလို့ မရဘူးလို့ ပြောတယ်။ အဲဒီအတွက် ကြိုတင်မဲ ယူမယ့်အချိန်ကို သေချာစောင့်ကြည့်ဖို့ ပြင်ဆင်ထားတယ်" ဟု ဦးစောနိုင်က ပြောသည်။

တော်ဥက္ကလာပ မြို့နယ်အတွင်း စက်တင်ဘာ ၁၄ရက်မှ ၂၇ ရက်အထိ ထုတ်ပြန်သည့် မဲစာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ တစ်သိန်း ရှစ်သောင်ကျော်ရှိရာ၊ ရှစ်သောင်းကျော်က ပိုနေသည့်အရေအတွက်ဖြစ်သည်ဟု တောင်ဥက္ကလာပ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များက ဆိုသည်။

အိမ်ထောင်စုစာရင်းအတွင်း မရှိသူများ ပါဝင်နေသည်ကို မြို့နယ်ကော်မရှင်ထံ သွားရောက် ကန့်ကွက် လျောက်ထားသူ တောင်ဥက္ကလာပ၊ ၁၀ရပ်ကွက်နေ၊ ဦးဝင်းနိုင်က "ကျွန်တော့်အိမ်မှာ ၁၁ယောက်ပိုတယ်၊ အဲဒါကို သွားကန့်ကွက်တော့ ကန့်ကွက်တာကို လက်ခံပေးပါတယ်တဲ့။ ဒါပေမယ့် ထုတ်မပေးဘူး။ ပုံစံ ၁၀ လာမထုတ်တဲ့သူတွေကို မဲပေးခွင့်မရှိလို့ ထည့်ပေးထားတယ်ပဲ ပြောတယ်။ အမှန်တစ်ကယ် အဲဒီလူတွေက မရှိဘူး" ဟုပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အဆင့်ဆင့်သော ကော်မရှင်ခွဲများက မဲစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနရှိ ပုံစံ ၆၆/၆ ဖြစ်သည့် အိမ်ထောင်စုစာရင်းကို အခြေခံကောက်ယူ ခဲ့ခြင်းဖြစ်သည်။

မဲဆန္ဒရှင်အချို့က နေရပ်ပြောင်းလဲသော်လည်း အိမ်ထောင်စုစာရင်း အဟောင်းကို ပယ်ဖျက်ကာ ပုံစံ ၁၀ ထုတ်ယူခြင်း မရှိသည့်အတွက် ယင်းသို့သော အပိုစာရင်းများ ထပ်မံပါဝင်နေခြင်းဖြစ်သည်ဟု အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က မဇ္ဈိမကိ ုပြောသည်။

"အမှန်တစ်ကယ် လဝက ဥပဒေအရဆိုရင် နေရာပြောင်းရင် ပုံစံ ၁၀ထုတ်ပြီး နေရာသစ်မှာ အိမ်ထောင်စု စာရင်းလုပ်လို့ရပေမယ့် အရင်က လုပ်ချင်သလိုလုပ်ခဲ့တော့ တစ်ဦးထဲ စာရင်း ၂ခု ၃ခု ကိုင်တာတွေရှိတယ်။ အဲဒီအတွက် ပုံစံ(၁၀) မထုတ်သေးတဲ့ စာရင်း အကုန်ထည့်ပေးထားရတာ။ သူတို့ကိုယ်တိုင် ပေးမယ့်နေရာကို သတ်မှတ်ပြီး ထုတ်မှရပါမယ်" ဟု ဆိုသည်။

တောင်ဥက္ကလာပ မြို့နယ်အတွင်း အမှန်တစ်ကယ်နေထိုင်သူ မဲဆန္ဒရှင်အပြင် တစ်ခြားသူများ ပိုမိုပါဝင်နေသည်မှာ မှန်ကန်ပြီး၊ ယင်းမှတစ်ဆင့် မဲပေးနိုင်ခွင့် အလွဲမသုံးနိုင်ရန် မဲပေးခွင့်လက်မှတ်ထုတ်ပေးရာတွင် ကော်မရှင်က တစ်အိမ်တက်ဆင်း အမှန်တစ်ကယ် နေထိုင်သူများကိုသာ လက်တွင်းအပ်နံှသွားရန် စီစဉ်ထားကြောင်းနှင့် ပိုနေသည့် စာရင်းများအတွက် မဲပေးခွင့်လက်မှတ်များကို ပေးအပ်မည်မဟုတ်ကြောင်း ဦးခင်မောင်ကျော်က ဆက်လက်ပြောသည်။

"ကျွန်မ ပထမတစ်ခေါက်ကတည်းက သေချာထုတ်တယ်။ အခုအခေါက်မှာ ၂ခါထပ်ပြီး ပြန်ပါလာတယ်။ ကျွန်မ ယောင်းမဆိုရင် သုံးခါပါတယ်။ ကျွန်မတု့ိ အိမ်ထောင်စုမှ ၁၁ဦးရှိတာ။ မဲစာရင်းမှာအရင်၁၉၉၀ကျော်တုန်းက အငှားတင်ခဲ့သူတွေပါ အခုတစ်ခါ ပြန်ပါလာတယ်" ဟု တောင်ဥက္ကလာ၊ ၇ရပ်ကွက်နေ ဒေါ်မူမူဟန်က မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲ ဗဟိုအချက်အလက် သိုမှီးရာနေရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၂သန်းကျော် ရရှိထားပြီး ဖြစ်ကြောင်း ကော်မရှင်ကဆိုထားသည်။

သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ဝန်ယူဖြေဆိုပေးမည့် မြို့နယ်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တို့သို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းခွင့်မရရှိခဲ့ပေ။ မြို့နယ်ကော်မရှင် အတွင်းရေးမှူးဖြစ်သည့် မြို့နယ်အထွေထွေ ဒုတိယ အုပ်ချုပ်ရေးမှူး၏ ရုံးသို့ ဆက်သွယ်ရာတွင်လည်း ကော်မရှင်ရုံးသို့သာ ဆက်သွယ်မေးမြန်းရန် မဇ္ဈိမသို့ ပြောကြားသည်။

တောင်ဥက္ကလာပ မြို့နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့အတွက် NLD မှ ဒေါက်တာစောနိုင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း တို့အပါအဝင်  ပါတီ ၇ခုမှ ကိုယ်စားလှယ်ပေါင်း ၂၃ဦးအထိ ဝင်ရောက် ယှဉ်ပြိုင်ကြမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly