ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားနေရာသစ် ၄ ခု ထပ်ဖွင့်မည်

By အဂ္ဂနွန်၊ သူသူသန့်စင်၊ အောင်ကိုကိုဦး
02 January 2019
ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြားနေရာသစ် ၄ ခု ထပ်ဖွင့်မည်

ရန်ကုန် ဇန်နဝါရီ ၁ ။              ။ ရန်ကုန်မြို့တွင် သန့်ရှင်းသော နောက်ဖေးလမ်းကြား ၄ ခု အသစ်ထပ်ဖွင့်မည်ဟု ဒို့အိမ်အဖွဲ့မှ ကိုကျော်စည်သူ က ဒီဇင်ဘာလ ၃ ရက်တွင် မဇ္စျိမသို့ ပြောသည်။

“မိုးရာသီမတိုင်ခင် ကျွန်တော်တို့ လုပ်သွားမယ်။ လောလောတော့ နောက်ဖေးလမ်းကြား ဖြစ်မြောက်ရေး ကော်မတီဖွဲ့ထားတယ်” ဟု ကိုကျော်စည်သူ(ဒို့အိမ်၊ Public Relations & Communication Officer) က ပြောသည်။

အသစ်ပြုလုပ်မည့် နောက်ဖေးလမ်းကြား ၄ နေရာမှာ ပန်းဘဲတန်းမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် မင်္ဂလာ တောင်ညွန့်မြို့နယ်တို့တွင်ဖြစ်ပြီး ဒို့အိမ်အဖွဲ့က ဦးဆောင်၍ ၂၀၁၉ ခုနှစ် မိုးရာသီမတိုင်ခင် လုပ်ငန်းစတင် သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့လယ်ခေါင်တွင် ကလေးသူငယ်များလမ်းပေါ်ထွက်ကစားရန် အန္တရာယ်များသောကြောင့် အပန်းဖြေနေရာ နောက်ဖေးလမ်းကြားကို မြို့လယ်ခေါင်တွင် ဦးစားပေးပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုကျော်စည်သူကပြောသည်။

“မြို့လယ်ခေါင်မှာ ဦးပေးလုပ်ဖြစ်တယ်။ မြို့လယ်ခေါင်မှာ ကြည့်လိုက်ရင် လမ်းတွေက ပါကင်ကိစ္စတွေ ပြသနာရှိတယ်။ လမ်းကျဉ်းတယ်။ ကလေးတွေ လမ်းပေါ်ထွက်ကစားဖို့ အဆင်မပြေဘူး။ လူကြီးတွေဆိုရင်လည်း ထွက်ပြီးအနားယူတာတို့ လုပ်ဖို့အဆင်မပြေဘူးလေ။ အဲ့အတွက်ကြောင့် လောလောဆယ်မှာ မြို့လယ်ခေါင်မှာဦးပေးလုပ်ဖြစ်တယ်။” ဟု ကိုကျော်စည်သူကပြောသည်။

 ဒို့အိမ်အဖွဲ့မှ အသစ်ဖွင့်မည့်လေးနေရာအတွက် ကော်မတီဖွဲ့ခြင်း၊ Project (စီမံကိန်း) မတင်မီ လူထု ထိတွေ့ဆက်ဆံရေးလူငယ်အဖွဲ့နှင့် ပတ်ဝန်းကျင်၏ နေအိမ်များကိုလမ်းသူလမ်းသား၏ သဘောထားကို ရယူခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ထားကြောင်းသိရသည်။

ကနဦးအဆင့်မှာ လက်ရှိနောက်ဖေးလမ်းကြားကို မည်သို့အသုံးပြုနေလဲ၊ နောက်ဖေးလမ်းကြားကို မည်သည့် ပုံစံနှင့်အသုံးပြုချင်လဲ၊ အနာဂတ်မှာရေရှည်ထိန်းသိမ်းဖို့အတွက် ဘယ်လိုမျိုးအစီအမံထားရှိလဲစသဖြင့် စစ်တမ်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“တစ်ချို့နေရာမှာအရင်ကအရမ်းအမှိုက်ပစ်တဲ့ နေရာရောက်နေပြီး ဒီလိုပြင်ထားတဲ့အခါကျတော့ အမှိုက် ပစ်တာ တော်တော်လျော့ကျသွားတယ်။ တစ်ချို့ တစ်အိမ်စာ၊ နှစ်အိမ်စာပစ်ချတာမျိုးရှိပေမယ့်  အရင်လိုမျိုး အထုပ်လိုက်ကြီး ပစ်ချတာမျိုး မဟုတ်တော့ဘူး။”ဟု ၎င်းက ဆိုသည်။

အပန်းဖြေနေရာ ပြုလုပ်ထားသောနောက်ဖေးလမ်းကြားများတွင် အမှိုက််ပုံး ၆ လုံးကို မြင်သာသည့်နေရာမှာ အလွယ်တကူပစ်၍ရရန် စီစဉ်ထားသည်။

အပန်းဖြေနေရာ အိမ်နောက်ဖေးလမ်းကြားကို၂၀၁၇ ခုနှစ် အစောပိုင်းက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပန်းဘဲတန်း မြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့်ဗိုလ်တစ်ထောင်မြို့နယ်တို့ အပါအဝင် ၆နေရာ ရှိပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly