၂၀၁၈ ခုနှစ်အတွင်း ခေါင်းတိုက် ဂိုးမသွင်းနိုင်ခဲ့တဲ့ မက်ဆီ

၂၀၁၈ ခုနှစ်အတွင်း ခေါင်းတိုက် ဂိုးမသွင်းနိုင်ခဲ့တဲ့ မက်ဆီ
Photo: EPA

လီယွန်နယ် မက်ဆီဟာ ၂၀၁၈ ခုနှစ်အတွင်း ပြိုင်ပွဲစုံမှာ မတူညီတဲ့ ပုံစံအမျိုးမျိုးနဲ့ ဂိုးတွေသွင်းယူခဲ့ပေမယ့် ဒီဘောလုံးပြက္ခဒိန် နှစ်တစ်နှစ်အတွင်းမှာ  ပုံစံတစ်မျိုးနဲ့ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

အားကစားဆိုင်ရာ မှတ်တမ်းတွေပြုစုနေတဲ့ Opata ရဲ့ အချက်အလက်အရ မက်ဆီဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘာစီလိုနာနဲ့ အာဂျင်တီးနားအသင်းတွေအတွက် ခေါင်းတိုက်သွင်းဂိုး မရယူနိုင်ခဲ့ဘူးလို့ ထွက်ပေါ်လာပါတယ်။

ဒါ့ကြောင့်လည်း ဘရာဇီးဘောလုံးဂန္တဝင် ပီလီက Ballon d'Or ဆု ၅ ကြိမ်ရ ကစားသမားဟာ ဘယ်ခြေတစ်ချောင်းတည်း သန်တဲ့သူဖြစ်တာကြောင့် ဘောလုံးသမိုင်းကြောင်း တစ်လျှောက် အကောင်းဆုံးကစားသမားလို့ ခေါ်ဖို့ မထိုက်တန်ဘူးလို့ ပြောဆိုဝေဖန်ခဲ့ပါသေးတယ်။ 

“ဘောလုံးကို ခေါင်းတိုက်ကောင်း၊ ဘယ်ခြေ၊ ညာခြေစုံနဲ့ ဂိုးသွင်းယူတတ်တဲ့ သူမျိုးကို ဘယ်ခြေတစ်ချောင်းတည်းနဲ့ပဲ ဂိုးသွင်းယူတတ်၊ စကေးတစ်ခုတည်းပဲရှိပြီး ခေါင်းတိုက်သွင်းဂိုး ကောင်းကောင်း မသုံးတတ် သူနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရနိုင်မှာလဲ?”လို့ ပီလီက မကြားသေးခင်က ဘရာဇီးသတင်း Folha de Sao Paulo နဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

“ဘယ်လို နှိုင်းယှဉ်နိုင်မလဲ? ပီလီနဲ့ ယှဉ်မယ်ဆိုရင်တော့ ဘယ်ခြေရော၊ ညာခြေပါ ကောင်းကောင်း သုံးတတ်ပြီး ခေါင်းတိုက်ဂိုးတွေ သွင်းယူနိုင်တဲ့ အခြားတစ်ယောက်နဲ့ နှိုင်းမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။”

“ကျနော် သိထားသလောက်၊ မာရာဒိုနာဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ တကယ်လို့ သူက မက်ဆီထက် ပိုကောင်းသလားလို့ မေးလာရင် … ဟုတ်ပါတယ်လို့ပဲ ဖြေမှာပါ။ မာရာဒိုနာက ပိုပြီး ကောင်းပါတယ်။”လို့ သူက ပြောဆိုခဲ့ပါတယ်။

မက်ဆီဟာ ဘောလုံးရာသီပြက္ခဒိန်နှစ်စဉ်နှစ်တိုင်း ၁၁ နှစ်ဆက် ခေါင်းတိုက်သွင်းဂိုးတွေနဲ့ သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒီမှတ်တမ်းကတော့ ၂၀၁၈ မှာ ကျိုးပျက်သွားခဲ့ရပြီဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် မက်ဆီဟာ ပြိုင်ပွဲစုံမှာ ပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ၂ ဂိုးအသာနဲ့ စုစုပေါင်း သွင်းဂိုး ၅၁ ဂိုးနဲ့ ၂၀၁၈ ခုနှစ်ကို အပြီးသတ်ခဲ့ပါတယ်။

မှော်ဝင်ကစားသမား မက်ဆီရဲ့ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ သူဟာ နောက်ဆုံး ၉ နှစ်မှာ ဂိုး ၅၀ နဲ့အထက် သွင်းယူခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ လာလီဂါမှာ ၁၅ ဂိုးသွင်းယူခဲ့ပြီး ဘယ်ခြေနဲ့ ၁၃ ဂိုး၊ ညာခြေနဲ့ ၂ ဂိုး သွင်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ သူ့ရဲ့ လာလီဂါ ၃၄ ဂိုးမှာ ၃၂ ဂိုးကို ဘယ်ခြေနဲ့၊ ၂ ဂိုးကို ညာခြေကနေ သွင်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ မက်ဆီဟာ ဘာစီလိုနာရဲ့ တရားဝင် အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီး နောက်ထပ် လာလီဂါအမှတ်ပေးဖလားနဲ့ ဘုရင့်ဖလားတစ်လုံးစီ ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၅ ကြိမ်မြောက် ဥရောပသွင်းဂိုးအများဆုံး ရွှေဖိန်ဆုနဲ့ ၇ ကြိမ်မြောက် လာလီဂါအကောင်းဆုံးကစားသမးဆုတွေကိုလည်း ရယူနိုင်ခဲ့ပါတယ်။

မက်ဆီရဲ့ နောက်ဆုံး ၉ နှစ်အတွင်း ဘောလုံးပြက္ခဒိန် နှစ်အလိုက် သွင်းဂိုး အရေအတွက်များ

2010: 60
2011: 59 
2012: 91 
2013: 45 
2014: 58 
2015: 52 
2016: 59 
2017: 54 
2018: 50

Ref; Sport Bible, Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly