မန်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး အထူးစီမံချက် စတင်

မန်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေး အထူးစီမံချက် စတင်

မန္တလေး၊ ဇန်နဝါရီ ၂ ။             ။ မန္တလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး အထူးစီမံချက်ကို ဇန်နဝါရီလ ၂ ရက်မှစတင်၍ ပြုလုပ်လျက်ရှိသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

 "စည်းကမ်းထိန်းသိမ်းရေးနဲ့သက်ဆိုင်တဲ့ ဌာနတွေပါဝင်မှာပါ။ တစ်နေရာထဲမှာ အခြေချစစ်ဆေးတာထက် ပိုထိရောက်တဲ့ mobile team ပါ။ အဖွဲ့သွားရာလမ်းတလျှောက်မှာတွေ့တဲ့ စည်းကမ်းမဲ့ ယာဉ်များအားလုံး အရေးစယူပါမယ်။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

 မန္တလေးမြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားမှုမရှိစေရေး ၊မြို့တော်နေပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယခုကဲ့သို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အလေးထားဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဒေါက်တာရဲလွင်ကဆိုသည်။

 စည်ပင် ရဲတပ်ဖွဲ့၊စည်ပင်အခွန်ဌာန၊စည်ပင် အနှေးယာဉ်ဌာနဝန်ထမ်း၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၊ ပါဝင်သည့် mobile team အဖွဲ့ ၂ ဖွဲ့ဖြင့် နေ့စဉ် လှည့်လည် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမှာလည်းဖြစ်သည်။

 ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့ နံနက် ၈ နာရီမှစတင်၍ ဖမ်းဆီးမှုများ လုပ်ဆောင်နေရာ နံနက် ၁၁ နာရီထိ စည်ကမ်းပျက်ယာဉ် ၅ စီး အရေးယူ ဒဏ်ရိုက်နိုင်သည်ဟု ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ၊ဌာနမှူး ဦးမျိုးဇော်ဝင်းကပြောသည်။

 စည်းကမ်းပျက်ယာဉ်များကို လတ်တလောတွင် တစ်စီးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ဒဏ်ငွေပေးဆောင် ရမည်ဖြစ်ပြီး အချိန်ကြာမြင့်စွာရပ်ထားသည့် ယာဉ်များကို ဘီးများသော့ခတ်ကာ ဒဏ်ကြေးငါးသောင်းကျပ် ပေးဆောင်ရမည်ဖြစ်သည်ဟု ဦးမျိုးဇော်ဝင်းကပြောသည်။

 "ယာဉ် နှစ်ထပ်ရပ်တာတွေ များတယ်။အဲဒီယာဉ်တွေကိုတော့ ဒဏ်ငွေ သုံးသောင်း။လူမရှိဘဲ အချိန်ကြာမြင့်စွာ ယာဉ်နှစ်ထပ်ရပ်ထားရင်တော့ ဘီးကိုသော့ခတ်ပြီး ဒဏ်ငွေ ငါးသောင်းပေးဆောင်ရပါမယ်။"ဟု ဦးမျိုးဇော်ဦးကပြောသည်။

 အဆိုပါ စီမံချက်အတွက် ဆောင်ရွက်ရာတွင် စည်းကမ်းပျက်ယာဉ်များအားလုံးကို အရေးယူ ဆောင်ရွက်သွားမည်ဟု သိရပြီး  နေ့စဉ် လှည့်လည် စစ်ဆေးမှုကို တနင်္ဂနွေတစ်ရက်သာ ရပ်နားမည် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly