စီနီယာကစားသမားများ ခြေစွမ်းပိုင်း တိုးတက်လာခြင်း မရှိပါက လူငယ်များကို ဦးစားပေးမည်ဟု မော်ရင်ဟို ပြော

စီနီယာကစားသမားများ ခြေစွမ်းပိုင်း တိုးတက်လာခြင်း မရှိပါက လူငယ်များကို ဦးစားပေးမည်ဟု မော်ရင်ဟို ပြော

လန်ဒန်၊ သြဂုတ် ၂၉ ။                  ။ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက အသင်းရှိစီနီယာကစားသမားများအနေဖြင့် ခြေစွမ်းပိုင်းတိုးတက်လာခြင်း မရှိပါက လူငယ်ကစားသမားများကို ဦးစားပေး အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ဖလားနှင့် ကက်ပီတယ်ဝမ်းဖလားတို့ကို ရရှိခဲ့သည့် ချယ်လ်ဆီးအသင်းသည် ယခုနှစ်ရာသီအစတွင် ခြေစွမ်းပိုင်းဆိုးရွားလျက်ရှိပြီး ပရီးမီးယားလိဂ်၌ ၇ ပွဲ ကစားပြီးချိန်တွင် ရမှတ် ရှစ်မှတ်သာ ရရှိထားသည်။

မော်ရင်ဟိုက 'ကျွန်တော်ဟာ လူငယ်ကစားသမားသစ်တွေရဲ့ အနာဂတ်အတွက် ပြင်ဆင်ကြိုးစားနေသလို တစ်ပြိုင်နက်တည်းမှာပဲ စီနီယာကစားသမားတွေဆီကနေ အကောင်းဆုံးခြေစွမ်းကို ရရှိဖို့ ပြုလုပ်ပါတယ်။ ဒီအခြေအနေကို ကစားသမားတွေကို ရှင်းပြထားပြီးသားပါ။

တကယ်လို့ ကျွန်တော်တို့အနေနဲ့ ဒီရာသီမှာ ဆုဖလားတွေ ရရှိဖို့ နီးစပ်ခြင်းမရှိတော့ဘူးဆိုရင် လူငယ်ကစားသမားတွေကို ဦးစားပေး အသုံးပြုသွားမှာပါ' ဟု ပြောသည်။

ထို့အပြင် မော်ရင်ဟိုက ချန်ပီယံအမျိုးအစားနှစ်မျိုးသာ ရှိကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။ 'တစ်စုံတစ်ခုကို အောင်မြင်ခဲ့သူနဲ့ အောင်မြင်မှုအများအပြား ရရှိသူဆိုပြီး ချန်ပီယံအမျိုးအစား နှစ်မျိုးပဲ ရှိပါတယ်။

ချန်ပီယံတွေဟာ သူတို့ရဲ့ ဘဝမှာ ဆုဖလား တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ လေးလုံး၊ ငါးလုံး၊ ၁၀ လုံး ဒါမှမဟုတ် အလုံး ၂၀ လောက် ရရှိဖူးကြပါလိ့မ်မယ်။

နှစ်စဉ်နှစ်တိုင်း အောင်မြင်မှုရဖို့တော့ မလွယ်ပါဘူး။ ဒါပေမဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားအားထုတ်မှုသာ ရှိမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အသင်းမှာ ချန်ပီယံတွေရှိပါတယ်။ ဒါပေမဲ့ စဉ်ဆက်မပြတ်အောင်မြင်နေတဲ့ ချန်ပီယံတွေ မဟုတ်ပါဘူး' ဟု မော်ရင်ဟိုက ၎င်း၏ ကစားသမားများကို ဝေဖန်ပြောကြားခဲ့သည်။

နောက်ဆုံးတွင် မော်ရင်ဟိုက လက်ရှိအခြေအနေမှာ ခက်ခဲသော်လည်း ဆုဖလားများ ရရှိရန်မှာ ဖြစ်နိုင်သေးကြောင်း ပြောဆိုခဲ့သည်။

Ref ;  ဂိုးလ်ဒေါ့ကွန်း

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly