တိုကျိုမြို့ လမ်းမတစ်ခုမှာ နှစ်သစ်ကို ကြိုဆိုနေကြတဲ့ လူအုပ်ထဲ ကား ဝင်တိုက်လို့ လူ ၉ ဦး ဒဏ်ရာရ

တိုကျိုမြို့ လမ်းမတစ်ခုမှာ နှစ်သစ်ကို ကြိုဆိုနေကြတဲ့ လူအုပ်ထဲ ကား ဝင်တိုက်လို့ လူ ၉ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၁ ။           ။ ဂျပန်နိုင်ငံ တိုကျိုမြို့က နာမည်ကျော် လမ်းမတစ်ခုမှာ နယူးရီးယားည နှစ်သစ်ကို ကြိဆိုနေကြတဲ့ လမ်းသွားလမ်းလာ လူအုပ်စုထဲ ဗင်ကားတစ်စီးက အရှိန်နဲ့ တမင် ဝင်တိုက်တဲ့ ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ သတင်းမီဒီယာတွေက ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ယင်း ဖြစ်စဉ်မှာ လူ ကိုးဦး ဒဏ်ရာရသွားပြီး တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

တိုကျိုမြို့ ဟာရာဂျူကူ ဖက်ရှင် ဒေသက တာကီရှီတာ လမ်းမပေါ်မှာ ယင်းအချိန်တုန်းက နှစ်သစ်ကူး ဆုတောင်းပွဲ အတွက် ဘုရားကျောင်းတစ်ခုကို ဦးတည်သွားလာသူတွေနဲ့ ပြည့်နေခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာတော့ အထက်ပါ နှစ်သစ်ကူးပွဲအတွက် သွားလာနေကြတဲ့ လူအုပ်စုထဲကို ဗင်ကားတစ်စီးက တမင် ရည်ရွယ်ချက်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ ကားမောင်းနှင်သူ အမျိုးသားတစ်ဦးကို ရဲက ဖမ်းဆီးထားပြီး ၎င်းဟာ လူသတ်မှု ကျူးလွန်ဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

၎င်း အမျိုးသားကတော့ အသက် ၂၁ နှစ်အရွယ် ကာဇူဟီရို ကူဆာကာဘီ ဖြစ်တယ်လို့ ဖော်ထုတ်သိရှိထားပါတယ်။

ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ ၎င်းဟာ အကြမ်းဖက်လုပ်ရပ်တစ်ခုကို လုပ်ခဲ့တယ်လို့ ထုတ်ပြောခဲ့တယ်လို့လည်း သိရပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကို အာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်နေလျက် ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly