အမျိုးသမီးတွေ ပါဝင်ခွင့်မရတာကြောင့် ငြိမ်းချမ်းရေး မရတာလို့ မသီတာ (စမ်းချောင်း) ဝေဖန်

အမျိုးသမီးတွေ ပါဝင်ခွင့်မရတာကြောင့် ငြိမ်းချမ်းရေး မရတာလို့ မသီတာ (စမ်းချောင်း) ဝေဖန်
တိုင်းရင်းသား ခေါင်းဆောင်များ၏ အပစ်ရပ်စာချုပ် လက်မှတ် ထိုး၊ မထိုး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် UNFC အဖွဲ့ဝင်များကို တွေ့ရစဉ်။ အဆိုပါ ထိပ်သီး ဆွေးနွေးပွဲများတွင် အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်း နည်းပါးနေသည်။

ရန်ကုန်၊ စက်တင်ဘာ ၂၀၁၅။                       ။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုး၊ မထိုး ဆုံးဖြတ်နိုင်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ စတင်ပြီး ဆွေးနွေးနေပါပြီ။

ဒီဆွေးနွေးပွဲကိုကြည့်ရင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေထဲက ဒီဆွေးနွေးပွဲကိုတက်လာတဲ့ အမျိုးသမီးအရေအတွက် အတော်နည်းတာကို တွေ့ရမှာဖြစ်ပါတယ်။ အလားလူ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟို ကော်မတီကို ကြည့်ရင်လည်း အမျိုးသမီး ပါဝင်မှု နည်းနေပါတယ်။

ဒါ့အပြင် ယခု လက်ရှိလွှတ်တော်မှာလည်း အမျိုးသမီးလွှတ်တော်အမတ် ပါဝင်မှု ရာခိုင်နှုန်း ၄ ရာခိုင်နှုန်းသာ ရှိပြီး လာမယ့် ရွေးကောက်ပွဲများမှာ ဝင်ပြိုင်ကြမယ့် ပါတီအသီးသီးက အမျိုးသမီး လွှတ်တော်အမတ်လောင်း အရေအတွက်ဟာလည်း ၁၄ ရာခိုင်နှုန်းသာ ရှိပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးအရေအတွက်ဟာ စုစုပေါင်း လူဦးရေရဲ့ ထက်ဝက်ကျော် ရှိနေပါလျက်နဲ့ ဒီလို ဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်မှုဟာ ဘာ့ကြောင့် နည်းနေရပါသလဲ။ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးများရဲ့ လုပ်ဆောင်မှု ငြိမ်းချမ်းရေး အပေါ် အမျိုးသမီးတွေရဲ့ အမြင်တွေကို စာရေးဆရာမ မသီတာ (စမ်းချောင်း)၊ ငြိမ်း ဖေါင်ဒေးရှင်း ဒါရိုက်တာ နန်ရော်နဲ့ ABSDF ကျောင်းသား တပ်မတော် ဗဟိုကော်မတီဝင် မိဆူးပွင့်တို့ရဲ့ အမြင်တွေကို တင်ပြပေးသွားပါမယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာဆိုရင် လေးနှစ်နီးပါ ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဟာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ မှာသာရှိနေသေးပြီး ရှေ့ဆက်တိုးနိုင်ဖို့ အမျိုးသမီးတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်သင့်သလို အမျိုးသမီးတွေအပေါ် ထားတဲ့ အမြင်တွေလည်း ပြောင်းလဲသင့်ပြီလို့ မသီတာ(စမ်းချောင်း) က ဆိုပါတယ်။

“လူဦးရေအချိုး အစားအရကြည့်မယ်ဆိုရင် အမျိုးသမီးဟာတစ်ဝက်တောင်မကဘူး။ ရှိနေတာဖြစ်တယ်။ အင်မတန်ကြီးမားတဲ့ လူစုလူဝေးကြီးတစ်ခုဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ဘယ်တော့မှတန်းတူအခွင့်အရေးမရဘဲနဲ့ ငြိမ်းချမ်းရေး ကင်းမဲ့မှုကိုခံစားရသော ခံစားသူအဖြစ်ပဲ အမြဲတမ်းရှိနေတယ်ဆိုတာကိုသွားတွေ့ရတယ်။ ဒါကြောင့်ဒီနေ့ ငြိမ်း ချမ်းရေးနဲ့ပတ်သက်ရင် အမျိုးသမီးတွေရဲ့ပြောင်းလဲဖို့ အချိန်တန်ပြီ” လို့ ဆိုပါတယ်။

အမျိုးသမီးတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်မရတာ၊ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်နည်းနေခြင်းများကြောင့် ငြိမ်းချမ်းရေး တည်ဆောက်၍ မရနိုင်ခြင်းလို့လည်း သူကဆိုပါတယ်။

“ဆုံးဖြတ်နိုင်သူ၊ အဆုံးအဖြတ်များအတွက် ပါဝင်ခွင့်ရှိသူဆိုတဲ့ အခန်းကဏ္ဍကို ပြောင်းသင့်ပြီလို့ ပြောချင်တာပါ။ တကယ့်တကယ် ဒီကိစ္စ လိုအပ်နေတဲ့အတွက်ကြောင့် ဒီနေ့ကျွန်မတို့ငြိမ်းချမ်း ရေးမရသေးတာလို့ မြင်ရပါတယ်။ အမြဲတမ်း ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် သက်ရောက်သူဆိုတဲ့ Population ငြိမ်းချမ်းရေးမရှိမှုရဲ့ သက်ရောက်ခံရတဲ့လူစုလူဝေးဟာ အမြဲတမ်းနိုင်ငံရဲ့ တစ်ဝက်ဖြစ်နေတယ်။ တစ်နည်းအား ဖြင့် အမျိုးသမီးထုကြီးတစ်ခုလုံး ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့ဘယ်တော့မှ ငြိမ်းချမ်းရေးတည်ဆောက် လို့မရပါဘူး” လို့ သူက ပြောပါတယ်။

ငြိမ်းဖေါင်ဒေးရှင်းရဲ့ ဒါရိုက်တာဖြစ်သူ နန်ရော်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီဝင် ၁၁ ဦးဟာ အမျိုးသားတွေချည်း ဖြစ်နေတာကို ထောက်ပြ ပြောဆိုသွားပြီး အမျိုးသမီးတွေ မပါတဲ့အတွက် မြန်မာ့နိုင်ငံရေး ခရီးရှည်ကြီး ရှေ့ဆက်ဖို့ အားမရှိဘူးလို့ ဆိုပါတယ်။

“ဒီလိုခ ရီးအရှည်ကြီးကိုသွားတဲ့အခါမှာ ကျွန်မတို့အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပေါ့နော်။ ပထမဦးဆုံး လှေခါးထစ် နှစ်ဆင့်ကို ကျွန်မတို့သွားတဲ့အခါ တော်တော်လေး အမျိုးသမီးတွေရဲ့ပါဝင်မှုက အားမရပါဘူး” လို့ ဆိုပါတယ်။

အလားတူ တိုင်းရင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCTတွင်လည်း အမျိုးသမီးကိုစားလှယ် နော်စီဖိုးရာစိန် တစ်ဦးတည်းသာ ပါဝင်သည်ကို ထောက်ပြသွားပြီး ငြိမ်းချမ်းရေးအတွက် နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်များမှာလည်း အမျိုးသားချည်း ဖြစ်နေသည်ဟု ဆိုပါတယ်။

“အမျိုးသမီးတွေကို နေရာပေးရမယ်ဆိုတာ သိပေမယ့် ရင်ထဲအသည်းထဲက မရှိနေသေးဘူး။ အဲ့တော့ ကျွန်မတို့ ဘယ်လိုလုပ်ရမလဲပေါ့နော်။ အဲ့ဒါလည်း အမျိုးသမီး အဖွဲ့တွေအတွက် စိန်ခေါ်မှု တစ်ချက်ပါလို့။ အမျိုးသမီးတွေ ပါဝင်ဖို့နည်လမ်းတွေ ရှိပါတယ်။ တိုက်ရိုက်ကိုယ်စားပြုခြင်းက အကောင်းဆုံးဖြစ်တယ်။ ဒါကို မြှင့်တင်ဖို့လိုတယ်” လို့ ဆိုပါတယ်။

ABSDF ရဲ့ ဗဟိုကော်မတီဝင် မိဆူးပွင့်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အနာဂတ် နိုင်ငံရေး စင်မြင့်မှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ အမျိုးသမီးတွေကိုယ်တိုင် နေရာပြောင်း၊ ခံယူချက်ပြောင်းပြီး လုပ်ကြဖို့ လိုတယ်လို့ တိုက်တွန်းပါတယ်။

“ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အမျိုးသမီးတွေပါဝင်မှုကို  ပြောရရင် အမျိုးသမီးတွေကိုယ်တိုင်က ကိုယ့်ကိုကိုယ်နေရာပြောင်းပြီးတော့ ခံယူထားပြီး ဆက်လက်ပြီးတော့ အနာဂတ်ကို ချီတက်သွားဖို့လိုတယ်” လို့ သူကဆိုပါတယ်။

အလားတူ နန်ရော်ကလည်း အားရစရာမရှိတဲ့ အခြေအနေကနေ အခြေအနေကောင်းတွေ ဖန်တီးကြဖို့ “အားလုံးပဲဝိုင်းကြိုးစားဖု့ိလိုတယ်။ ဝိုင်းဝန်းလုပ် ဆောင်ကြရအောင်” လိုပါတယ်။ ဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်ခွင့် ရကြပြီဆိုရင် “အမျိုးသမီးတေ ွပါဝင်ခြင်းအားဖြင့် အမျိုးသားတေ ွမမြင်နိုင်သော အမျိုးသမီးတွေပဲ မြင်နိုင်သော ရှုထာင့်တွေအများကြီးကို ကျွန်မတို့ ယူဆောင်လာနိုင်ပါတယ်” လို့လည်း နန်ရော်က ဆိုခဲ့ပါတယ်။

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly