တရုတ်နယ်စပ် ကျင်းစန်းကျော့ဂိတ် ပိတ်လိုက်ခြင်းကြောင့် ဖရဲစိုက် တောင်သူတွေ နစ်နာမှုဖြစ်နေ

တရုတ်နယ်စပ် ကျင်းစန်းကျော့ဂိတ် ပိတ်လိုက်ခြင်းကြောင့် ဖရဲစိုက် တောင်သူတွေ နစ်နာမှုဖြစ်နေ

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ။             ။ ဖရဲ၊ သခွား အဓိက တင်ပို့ရာ တရုတ်-မြန်မာနယ်စပ်ရှိ ကျင်းစန်းကျော့ဂိတ် ပိတ်လိုက်ခြင်းကြောင့် ပြည်တွင်းရှိ ဖရဲစိုက် တောင်သူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်ဟု ဖရဲစိုက်တောင်သူများက ဆိုသည်။

“အများကြီး နစ်နာတဲ့ ဆုံးရှုံးတဲ့အခါကျတော့ ရှေ့က လူထိထားတော့ နောက်ကလူတွေကလည်း မလွယ်ဘူး။ သုံးလပိုင်း လေးလပိုင်းဆို ကားစီးရေကလည်း ဒီထက်များလာမယ်။ ဒါမျိုးတွေဖြစ်လာပြီဆို ဆုံးရှုံးမှုတွေလည်း တန်းဖြစ်မှာလေ” ဟု ချောင်းဦးမြို့နယ်ရှိ ဖရဲစိုက်တောင်သူ ကိုထွန်းဝင်းက ဆိုသည်။

လက်ရှိတွင် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဖရဲတင်ပို့သည့် ကုန်တင်ကားများပိတ်မိနေပြီး အချိန်ကြန့် ကြာမှုများ ရှိနေခြင်းကြောင့် သစ်သီးများ အရည်အသွေးကျဆင်းကာ ဆုံးရှုံးနစ်နာမှုများရှိနေခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ကားတစ်စီးလျှင် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအကြား ရှိနေသည်။

လက်ရှိ အချိန်တွင် သစ်သီးကားအစီးရေ ၁,၀၀၀ ကျော်ခန့်သည် မူဆယ်မြို့ရှိနေခြင်းကြောင့် ဖရဲစိုက် တောင်သူများ လတ်တလောတွင် အသီးခူးဆွတ်တင်ပို့ခြင်း မပြုရန် သစ်သီးကုန်သည်များကို ဝန်ဆောင်မှု ပေးနေသည့် အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် က ဒီဇင်ဘာ ၂၉ ရက်တွင် သတိပေး ကြေညာချက်  ထုတ်ပြန်ထားသည်။

စိုက်ပျိုးသီးနှံများ ဖြစ်ခြင်းကြောင့် သတ်မှတ်အချိန် ကာလအတွင်း၌သာ ခူးဆွတ်ရခြင်းဖြစ်ပြီး အချိန် ကျော်လွန်သွားပါက သီးနှံများ ပျက်စီးဆုံးရှုံးကုန်သည်ဟု ဖရဲစိုက်တောင်သူများဘက်က ဆိုသည်။

“ကျွန်တော်တို့ ဒါကို ထိန်းလို့မရဘူး။ အလုပ်ရုံစက်ရုံဆိုတာက ပိတ်ထားလို့ရတယ်။ သီးနှံကျတော့ ရေသွင်းချိန် သွင်းရတယ်။ မြေသြဇာကျွေးချိန်ကျွေးရတယ်။ ပိုးမွှားကျရင် ဆေးဖျန်းရတယ်။ ပုံမှန် လုပ်ငန်းစဉ်အရ လုပ်ရတာ စိုက်ပျိုးရေးက စက်ရုံအလုပ်ရုံနဲ့မတူဘူးလေ။ ရပ်ထားလို့ မရဘူး” ဟု မြောင်မြို့နယ်ရှိ ဖရဲစိုက်တောင်သူ ကိုသန့်ဇင်ဦး ကဆိုသည်။

လက်ရှိတွင် သစ်သီးတင်ပို့ရန် ပန်ဆိုင်းဝမ်တိန်လမ်းကြောင်းကို တရုတ်နိုင်ငံဘက်က ခွင့်ပြုထားပြီး ယင်း လမ်းကြောင်းကို တရုတ်ဘက်မှ လုံခြုံရေးအထူးတင်းကျပ်စွာ စစ်ဆေးခြင်းကြောင့် အချိန်ကြန့်ကြာမှုများ ရှိနေပြီး တစ်ရက်လျှင် သစ်သီးကား အစီးရေ ၂၀၀ ခန့်သာ ဖြတ်သန်းနိုင်သည်။

သစ်သီးအဓိက ပို့ဆောင်ရာလမ်းကြောင်းဖြစ်သည့် ကျင်းစန်းကျော့လမ်းကြောင်း၌ ဒီဇင်ဘာလ အစောပိုင်းက လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူစစ်အဖွဲ့ဘက်မှ ဒဏ်ရာရ သေဆုံးသူများရှိခဲ့သည်။ ယင်းအတွက်ကြောင့် ကျင်းစန်းကျော့လမ်းကြောင်းကို လုံခြုံရေးအခြေအနေအရ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပိတ်ခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly