ကွမ်းသီးဖတ်ဖြင့် တစ်ခါသုံးခွက်၊ ပန်းကန်များအပြင် အခြားလူသုံးကုန်များ မြိတ်တွင် စတင်ထုတ်လုပ်

ကွမ်းသီးဖတ်ဖြင့် တစ်ခါသုံးခွက်၊ ပန်းကန်များအပြင် အခြားလူသုံးကုန်များ မြိတ်တွင် စတင်ထုတ်လုပ်

မြိတ်၊ ဒီဇင်ဘာ  ၃၀ ။          ။ ကွမ်းသီးအပင်မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းတစ်မျိုး ဖြစ်သော ကွမ်းသီးဖတ် (ဒေသအခေါ် ဘုတ်ဖတ်) များကို နည်းပညာဖြင့် အသုံးပြု၍ တစ်ခါသုံး ခွက်များ၊ ပန်းကန်ပြားများနှင့် အခြားသောလူသုံးကုန်ပစ္စည်းများကို မြိတ်မြို့တွင် စတင်ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။

ယင်းကွမ်းသီးဖတ်များကို ယခင်က ကွမ်းသီးစိုက်တောင်သူများမှာ စွန့်ပစ်ရသောပစ္စည်းတစ်ခု ဖြစ်ပြီး၊ လက်ရှိမှာ ပြန်လည် အသုံးပြုနိုင်သည့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်လာရာမှ တောင်သူများမှာလည်း ဝင်ငွေ တိုးလာကြောင်း သိရသည်။

ကွမ်းသီးဖတ်ခွက်နှင့် ပန်းကန်ပြားများကို တီထွင်ထုတ်လုပ်သူ ဦးသန်းဇော်ဦးက“ ဒီလိုမျိုးလုပ်ဖို့ နည်းပညာ စိတ်ကူးရလာတာက အိန္ဒိယက ပညာရှင်တွေ တင်ထားတဲ့ အွန်လိုင်းဗွီဒီယိုဖိုင်တွေကို ကြည့်ပြီး၊ လုပ်ဖြစ် လာတာပါ၊ အခုလို ခွက်နှင့် ပန်းကန်ပြားတွေကို ထုတ်လုပ်လာနိုင်တဲ့ အဆင့်အထိ အချိန် ၁ နှစ်ကျော်ကြာ လေ့လာခဲ့ရတယ်” ဟု ပြောသည်။

အဆိုပါ စွန့်ပစ်ပစ္စည်းကွမ်းသီးဖတ်များမှ ထွက်ရှိလာသည့် ၈ လက်မခွဲရှိ ပန်းကန်ပြား ၁ ချပ်ကို ၈၀ ကျပ်နှင့် ၅ လက်မအရွယ်ရှိ အရည်သောက်ဟင်းခွက် ၁ လုံးကို ၆၀ ကျပ်ကို ပထမဆုံး ထုတ်လုပ်လျက်ရှိပြီး၊ လာမည့် ဇန်နဝါရီလမှာ နောက်ထပ် စားသောက်ကုန်များအား ထုပ်ပိုးရာတွင် အသုံးပြုနိုင်မည့် ကော်ဖီခွက်များ၊ ဖော့ခွက် များ၊ ဇွန်း/ခရင်းနဲ့ အခြားသော အမျိုးမယ်ပေါင်း စုစုပေါင်း ၂၀ ကျော်ကို တီထွင် ထုတ်လုပ် သွားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“အခုလောလော ဆယ်မှာတော့ ကျွန်တော် ထုတ်လုပ်နေတာ ၁ လ ကျော် ၂ လ နီးပါး လောက်ရှိနေပါပြီ၊ အလုပ်သမား ၁ ယောက် ခေါ်ပြီး ကျွန်တော်ကိုယ်တိုင် လုပ်နေတာပါ၊ စျေးကွက်ကတော့ စစချင်းမှာပဲ အွန်လိုင်းပေါ်မှာ တင်ပြီး၊ ကြေညာလိုက်တာ၊ လူတွေ တော်တော် စိတ်ဝင်စားသွားတယ်၊ အခုဆိုလျှင် အော်ဒါတွေ တော်တော်ကို ရနေလို့ ထုတ်လုပ်ဖို့တောင် မနိုင်မနင်း ဖြစ်နေတယ်”ဟု ၄င်း နည်းပညာကို ထုတ်လုပ်သူ ဦးသန်းဇော်ဦးက ပြောသည်။

လက်ရှိမှာ ကွမ်းသီးဖတ် ၁ ရွက်ကို ၂၅ ကျပ်နှင့် ၃၅ ကျပ်အထိ ဒေသခံတောင်သူများထံမှ ဝယ်ယူလုပ်ကိုင်လျှက် ရှိကြောင်း သိရသည်။

စွန့်ပစ်ပစ္စည်းဖြစ်သည့် ကွမ်းသီးဖတ်ကို လူသုံးကုန်ခွက်နှင့် ပန်းကန်ပြားများကို အဆင့်ဆင့် ထုတ်လုပ်ရာတွင် ပထမဆုံး သန့်စင်အောင် ရေဆေးကြောရပြီး၊ ထို့အပြင် နေပူလှန်းကာ ဘလောက်တုံး စက်ကြီးနှင့် ဖိ၍ အပူပေးပြီး၊ အဆင့်ဆင့် ပြုလုပ်ရကြောင်း သိရသည်။

“ဒါမျိုးက မြိတ်မှာ ကျွန်တော် တစ်ယောက်တည်း ပထမဆုံး ထုတ်လုပ်တာပါ၊ အခြား ဒီလိုမျိုးလုပ်နေတာ မရှိသေးပါဘူး၊ မြိတ်မှာမှ မဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးမှာတောင် ဒါမျိုးထုတ်လုပ်နေတာ မတွေ့ရသေးဘူး”ဟု  ဦးသန်းဇော်ဦးက ပြောဆိုသည်။

လက်ရှိမှာ ၄င်း လုပ်ငန်းနဲ့ ပတ်သက်ပြီး၊ အွန်လိုင်းပေါ်တွင် စျေးကွက်ကို စတင် မိတ်ဆက်ခဲ့ပြီး၊ ယင်း လုပ်ငန်း ကို ကြည့်ရှုလေ့လာသူ များပြားခဲ့ရာမှ စိတ်ဝင်စားမှု မြင့်တက်ပြီး၊ မြန်မာနိုင်ငံအသီးသီးမှ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ စားသောက်ကုန်နှင့် ဆက်စပ်သူများက မှာယူမှုများပြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly