ဗျတ္တတောင်ကုန်းနဲ့ ဒေါက်တာဇီးဗါးဂိုးတောအုပ်

ဗျတ္တတောင်ကုန်းနဲ့ ဒေါက်တာဇီးဗါးဂိုးတောအုပ်

 

“ရှေ့မှာ ဟိုခိုရွာရှိတယ် တလမ်းလုံး နေကြာတွေချည်းပဲ”

ကားဆရာလေးက ကားရှေ့ခန်းစက်ဖုံးခုံပေါ် ကွမ်းယာထုတ်ထဲက ကွမ်းတံယာလှမ်းယူရင်း ဖင်တကြွကြွဖြစ်နေတဲ့ကျနော့်ကို နှစ်သိမ့်စကားပြောလိုက်ပါတယ်။

နောင်ချိုကထွက်လာကတည်းက လမ်းဘေးက နေကြာပင် ကြို့တို့ကြဲတဲပေါက်နေတာမြင်ရင်ဘဲ ကျနော်က ကင်မရာတပြင်ပြင်ဖြစ်လာခဲ့ပါတယ်။ ကံကြီးရွာလွန်တော့ နေကြာပင်တွေ ပိုစိတ်လာပြီး ကျနော်ကလည်း ဖင်တကြွကြွပိုဖြစ်လာပါတယ်။ ကားကိုမရပ်ခိုင်းပေမယ့် ပြတင်းပေါက်ကတဆင့် နေကြာပန်းတွေလှမ်းကြည့်ရင်း တအ့ံတသြဖြစ်လာခဲ့တာပါ။ နှစ်ပေါင်းများစွာ မြင်ချင်တွေ့ချင်နေခဲ့တဲ့ တောရိုင်းနေကြာပန်းတွေကိုမြင်ရတော့ ကျနော့်စိတ်တွေ လှုပ်ရှားလာခဲ့ပါတယ်။

၁၉၉၃ ခုနှစ်တုန်းကပါ။ ကရင်ပြည်နယ် ဖါးအံမြို့နယ်အတွင်း သတင်းထောက်ဘဝနဲ့ သွားလာခဲ့ရစဉ်က ယွန်းစလင်းချောင်းနဲ့မလှမ်းမကမ်း ရှိုကြီးတစ်ခုထဲကအထွက် မျက်လုံးဝိုင်းကွင်အစပ် တောင်ကမ်းပါးယံကြီးတစ်ခုလုံး တောရိုင်းနေကြာပန်းတွေ ၀ါထိန်နေတဲ့မြင်ကွင်းကို ပြန်မြင်လာမိပါတယ်။ ညကြတော့ အဲဒီကမ်းပါးယံကြီးအောက်က တောပုန်းကြီး ဦးကသေးဖိုးရဲ့တဲကလေးမှာညအိပ်ပါတယ်။ တရေးနိုးတဲ့အချိန် တဲကလေးပေါ်ကဆင်းပြီး ထိန်ထိန်သာနေတဲ့လရောင်အောက် ထွက်ရပ်လိုက်တဲ့အခါ တဲကလေးနောက်က တောင်နံရံကြီးတစ်ခုလုံး လရောင်အောက် ထိန်ထိန်ဝါနေတဲ့ တောရိုင်းနေကြာခင်းကြီးကိုတွေ့လိုက်ရပါတယ်။ ထူးခြားလှပ ငြိမ်းချမ်းလှတဲ့ မြင်ကွင်းကြီးကို နှစ်နှစ်ဆယ်ကျော်လာတဲ့အထိ မမေ့နိုင်အောင် စွဲသွားရပါတယ်။ ဒိနောက်တော့ အဲသလိုတောရိုင်းနေကြာပန်းခင်းမျိုး တစ်ခါမှမကြုံတော့ပါဘူး။ အခုတော့ ကျနော်တွေ့ချင်မြင်ချင်တဲ့ တောရိုင်းနေကြာခင်းတွေကိုု စတင်တွေ့ရှိလာရလို့ စိတ်တွေလှုပ်ရှားလာရတာပါ။

ကားဆရာလေးပြောတာမှန်ပါတယ်။ သုံးဆယ်ဆိုတဲ့ရွာကိုလွန်တာနဲ့တပြိုင်နက် ကားလမ်းဘေးနှစ်ဖက်ညှပ်ပြီး နေကြာပင်တန်းတွေကိုတွေ့လာရပါတယ်။ ကားလမ်းနဲ့မလှမ်းမကမ်း အနိမ့်ပိုင်းနဲ့ တောင်ကုန်းတချို့မှာလည်း နေကြာပင်တန်းတွေ နေရာအနှံ့ လှမ်းမြင်လာရပါတယ်။ ကျနော်က မကြာခဏဆိုသလို ကားရပ်ခိုင်းပြိီး စိတ်တိုင်းကျ ဓါတ်ပုံရိုက်ပါတော့တယ်။

တနေရာရောက်တော့ မြေနီရောင် တောင်ကုန်းမမြင့်တမြင့်တစ်ခုကို နေကြာပန်းတွေ တတောင်လုံးဖုံးနေတာ မလှမ်းမကမ်းကတည်းက မြင်ရပါတယ်။ နီးလာတဲ့အခါ အင်မတန်လှတဲ့ နေကြာခင်းတွေ နေကြာပန်းတောတွေ နေရာအနှ့ံတွေ့ရပါတော့တယ်။ ကျနော်က ဝမ်းသာတက်ကြွစွာ ကားကိုရပ်ခိုင်းပြီး နည်းနည်းတော့စောင့် လို့ ကားဆရာလေးကိုပြောပြီး ကားပေါ်ကဆင်းပါတယ်။ ကားလမ်းဘေး နေကြာပန်းရုံကြီးထဲ တိုးဝင်လိုက်ပါတယ်။

ကားလမ်းဘေး နေကြာပန်းတန်းရဲ့ဟိုဘက်ကိုရောက်တော့ နေကြာပန်းတွေစီခြယ်ထားတဲ့ တောင်ကုန်းကို အတိုင်းသားလှမ်းမြင်ရပါတော့တယ်။ ။ ကျနော်က အချိန်မဆိုင်းတော့ဘဲ စိုက်ခင်းအဟောင်းတွေ ခြုံနွယ်တွေကို ဖြတ်ပြီး ပန်းတွေနဲ့အတိပြီးတဲ့ အဲဒီတောင်ကုန်း အောက်ခြေနားအထိ တိုးသွားလိုက်ပါတယ်။ နေရာအမျိုးမျိုးပြောင်းပြီး စိတ်တိုင်းကျဓါတ်ပုံရိုက်ပါတော့တယ်။ ခြေသံကြားလို့နောက်ကိုလှည့်ကြည့်တော့ ပန်းချိီဆရာမ ရှားရိုဖေါလည်း ကျနော်နဲ့မလှမ်းမကမ်းအထိ တောတိုးပြီးရောက်လာတာတွေ့ရပါတော့တယ်။

“ပေါလိုက်လှလိုက်တဲ့ပန်းတွေပါပဲဆရာမရယ် ဒီမြင်ကွင်းကိုသာ ပန်းဆက်သမားဗျတ္တမြင်ရမယ်ဆိုရင် လဲသေလောက်တယ်ဗျ” လို့ ကျနော်ကပြောတော့ ဆရာမရှားရိုဖေါက “ဒါဆိုရင် ဒီတောင်ကုန်းက ဗျတ္တတောင်ကုန်းပေါ့”ဆရာ လို့  ပြန်ပြောပါတယ်။ ဆရာမပြောတဲ့ ဗျတ္တတောင်ကုန်းဆိုတဲ့မှတ်ချက်ကို ကျနော် တော်တော်သဘောကျသွားရပါတယ်။

ဗျတ္တတောင်ကုန်းကို စိတ်တိုင်းကျ ဓါတ်ပုံရိုက်ပြီးတဲ့အခါ ဝဲယာလှည့်ပတ်ပြီးကြည့်တော့ ဆရာမရှားရိုဖေါက ကားလမ်းပေါ်ပြန်တက်သွားပါပြီ။ ခြုံတွေဆူးနွယ်တွေများတဲ့အပြင် သူလည်းစိတ်တိုင်းကျ ဓါတ်ပုံရိုက်လို့ ကျေနပ်သွားဟန်တူပါတယ်။

ကားလမ်းဘက် လှည့်ပြန်မယ်လုပ်ကာမှ တော်တော်လေးခတ်လှမ်းလှမ်း ကုန်းမမြင့်တမြင့်နေရာမှာ ထင်းရှုးတောအုပ်တစ်ခုကို မြင်လိုက်ရပါတယ်။ ထင်းရှုးတောရဲ့အစွန်းပိုင်းကို နေရောင်ကဖြတ်ပြိီး ထိုးကျနေပါတယ်။ ထင်းရှုးတောရဲ့အနိမ့်ပိုင်းမှာက နေကြာပန်းတန်းတစ်ခုက တောင်ကုန်းကို ဘေးတိုက်အနေအထားနဲ့ အနားသပ်ထားသလိုဖြစ်နေပါတယ်။ ကျနော်နဲ့ နည်းနည်းတော့ဝေးပါတယ်။

ချက်ချင်းဆိုသလို ကျနော့်စိတ်ထဲ ဒေါက်တာဇီးဗါးဂိုး ရုပ်ရှင်ဇာတ်ကားထဲက ညည လသာတဲ့အခါ ထင်းရှုးတောအစပ် ဝံပုလွေတွေထွက်ထွက်လာတတ်တဲ့ မြင်ကွင်းကို သတိရလာပါတယ်။ ကျနော် အခုမြင်နေရတဲ့ ထင်းရှုးတောအနေအထားနဲ့ ရုပ်ရှင်ထဲက အဲဒီဇာတ်ဝင်အခန်းဟာ တထပ်တည်းနီးပါး တူနေတာတွေ့နေရပါတယ်။

“ဒေါက်တာဇီးဗါးဂိုး” ရုပ်ရှင်ဟာ ရုရှဝတ္ထု ရုရှ တော်လှန်ရေးကြီးနောက်ခံပြုရေးတဲ့ စာပေနိုဗယ်ဆုရှင် ရုရှစာရေးဆရာ ကဗျာဆရာ “ပက်စတာညက်” ရဲ့ ကျော်ကြားလှတဲ့ဝတ္ထုကြီးပါ။ ဒီဝတ္ထုကို ရုပ်ရှင်ရိုက်တော့ ရုရှကွန်မြူနစ်အစိုးရက ခွင့်မပြုလို့ ဒိန်းမတ်နဲ့ အီတလီမှာ ရိုက်ခဲ့ရတဲ့ဝတ္ထုပါ။ အိီဂျစ်ရုပ်ရှင်မင်းသား “အိုမာရှရစ် ”လည်း ဒိီကားနဲ့ပဲ ကမ္ဘာကျော်မင်းသားဖြစ်ခဲ့ပါတယ်။

ကျနော်က လှမ်းမြင်နေရတဲ့ ထင်းရူးတောဆီသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရှေ့ကိုတိုးသွားတော့ ဆူးခြုံတွေကပိုများလာပါတယ်။ မြေက ပိုစိုလာပါတယ်။ သေသေချာချာသတိထားကြည့်တော့ ကျနော့်ရှေ့မှာ ရေမြောင်းတစ်ခုရှိနေပြိး ရေလည်းရှိနေပါတယ်။ ဘယ်လိုမှ ရှေ့ဆက်သွားလို့မဖြစ်နိုင်တော့လို့ ပြန်လှည့်ရပါတယ်။

ကားလမ်းပေါ်ရောက်တော့ ကျနော့်တကိုယ်လုံး ဆူးသီးနဲ့ မြက်သီးတွေတွယ်နေတာမို့ ကားပေါ်မတက်နိုင်သေးဘဲ ကားဆရာလေးရဲ့အကူအညီနဲ့ ပြန်ဖြုတ်ချနေရပါသေးတယ်။

ဒီကနေ့တော့ ဗျတ္တတောင်ကုန်းဆီရောက်လာရတာ ဓါတ်ပုံရိုက်ရတာ တော်တော်တန်သွားပါပြီ။ ကျနော်တို့ကားကလေးလည်း ဘန့်ဘွေးကျင်းရေတံခွန်ဆီ ခရီးဆက်ကြပါတယ်။

( ဆက်လက်ဖတ်ရှုပါရန် )

 

Mizzima Weekly