နှစ်ဆတိုး ချစ်ပါ ဆိုတဲ့ . . အဆိုတော် ဂျူဝဲလ် နှင့် တွေ့ဆုံခြင်း - အပိုင်း ( ၃ - နိဂုံးပိုင်း )

နှစ်ဆတိုး ချစ်ပါ ဆိုတဲ့ . . အဆိုတော် ဂျူဝဲလ် နှင့် တွေ့ဆုံခြင်း - အပိုင်း ( ၃ - နိဂုံးပိုင်း )

မေး။ ။ နောက်တစ်ခုကတော့ သူများဆိုပြီးသား၊ အောင်မြင်ပြီးသား သီချင်းတစ်ပုဒ်ကို ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ Version နဲ့ ပြန်ပြီးတော့ တီထွင်ရတဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ ဆိုရင်ရော။

ဖြေ။ ။ အဲ့ဒါကတော့ အဓိကကတော့ ဖန်တီးရတယ်ဆိုတာ ကျွန်တော်တို့ကလေ အဆိုအားဖြင့်ပဲ များသောအားဖြင့် စိုက်ထုတ်ရတာများပါတယ်၊ Music အပိုင်းကျတော့ The Four မှာဆိုလို့ရှိရင် Member တွေအကုန်လုံးပေါ့နော် ကိုသားငယ်တို့   ပေါ့နော် သူတို့ဆီကနေပြီးတော့မှ အရင်ဆုံး ဘယ်လိုလုပ်သင့်လဲဆိုတာ သူတို့က Player တွေလည်းဖြစ်တယ်ဆိုတော့ ကိုယ့်ထက် အများကြီးနားလည်တာပေါ့နော်၊ သူတို့ တီးတဲ့ Music ပေါ်မှာပဲ ကိုယ်က ကိုယ့်ရဲ့အဆိုလိုက်ပြီးတော့ ဘယ်လိုဖြည့်လို့ရမလဲ ဆိုတာပဲ ကိုယ်ကကြိုးစားရတာများတယ်၊ ဒါပေမယ့် တစ်ခါတစ်လေလည်း ကိုယ်အကြံပေးတာမျိုးလေးတွေတော့ ရှိခဲ့ဖူးတာပေါ့နော်။ ဆိုတော့ အဲဒီကနေပြီးတော့ပဲ အကုန်လုံး ပူးပေါင်းပြီးတော့ အဲဒီလို ပူးပေါင်းပြီးတော့လုပ်မှ ပိုပြီးတော့ အဆင်ပြေမယ်လို့ မျှော်လင့်တယ် ၊ ဘာလို့ဆို တစ်ယောက်ထဲကျတော့လေ သိပ်ပြီးတော့ အဆင်မပြေတာမျိုးဖြစ်တယ်၊ ပြီးကျတော့လည်း ကျွန်တော်တို့ Cover Song ဆိုတဲ့အချိန်မှာ ကျွန်တော်တို့ ဒီမြန်မာပြည်မှာ တစ်ခါတစ်လေကျရင် Cover Song အရင်က သိပ်ခေတ်မစားသေးဘူးဆိုတော့၊ ကျွန်တော်ဆိုလည်း သိပ်ပြီးတော့ အရင်က သိပ်နားမလည်ခဲ့ဘူးပေါ့နော်။ ကိုယ်ကိုယ်တိုင်ဆိုမှပဲ ဘယ်လိုဘယ်လိုမျိုးဆိုတာကို နားလည်တာပေါ့။ တစ်ခုရှိတာက အဲဒီလိုပေါ့ အော်ရီဂျင်နယ်လောက် မကောင်းဘူး ဘာဖြစ်တယ် ညာဖြစ်တယ် အဲဒီလိုမျိုးတွေလည်းပြောတယ်၊ တစ်ချို့ကျတော့လည်း အရမ်းကြိုက်လွန်းလို့ အော်ရီဂျင်နယ်ထက် ကျော်သွားတယ် အဲဒီလိုမျိုး ချီးကျူးတာတွေလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ ဒါအဖက်ဖက်ကနေ သူတို့ခံယူချက်နဲ့ကတော့ ကျေးဇူးအများကြီးတင်ပါတယ်။ ဝေဖန်တဲ့သူတွေရော ချီးကျူးတဲ့သူတွေ၊ ဒါပေမယ့် တကယ်တမ်း သီဆိုသူတွေကတော့ အော်ရီဂျင်နယ်ထက် သာရမယ် ဘယ်လို အဲဒီလို မရှိဘူး၊ ဒါပေမယ့် ကိုယ်ခံစားရတဲ့ Version နဲ့ ကိုယ်ခံစားရတဲ့ဖက်ကနေပြီးတော့ ဆိုတာပေါ့နော်။ ကျွန်တော်ဆိုလည်း ကျွန်တော့်သီချင်းကို Cover ပြန်ဆိုတဲ့အချိန်မှာ အများကြီးဝမ်းသာတယ်။ တစ်ချို့ဆိုလည်း ယောကျာ်းလေး duet ဆိုတယ်၊ hamony တွေနဲ့ ဆိုတယ် အဲဒီတော့ ဒါအရမ်း appreciate ဖြစ်တယ်ပေါ့နော်၊ သူတို့ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့က အဲဒီလိုခံယူချက်ထားတယ်၊ ဒါပေမယ့် အဲဒါကျတော့ တစ်ခါတစ်လေကျရင် အော်ရီဂျင်နယ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ပြောတာမျိုးလေး ကျတော့ တကယ်တမ်းတော့ ပြန်လုပ်သူတွေ ဖန်တီးသူတွေက အဲဒီစိတ်မရှိပါဘူးလို့လည်း ကျွန်တော် ဒီကနေပြီးတော့ ပြောပြချင်ပါတယ်။

မေး။ ။  ညီမလေးပြောသလိုပေါ့၊ တစ်ခါတစ်လေကျလို့ရှိရင် တကယ့်အဆိုတော်ကြီးတွေ တောင်မှ Cover Song ဆိုရင်းနဲ့ အဆဲခံလိုက်ရတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့နော်၊ အဲဒီတော့ ကိုယ့်အနေနဲ့ရော Cover Song တစ်ပုဒ်ဆိုတော့မယ်ဆိုရင် ဘယ်လိုမျိုး သင်ခန်းစာတွေ ယူလဲ။

ဖြေ။ ။ အရင်တုန်းက အဲ့ဒီ ငါ့ရဲ့လမင်း တုန်းက ဆိုလည်း အဲဒီတိုင်းပဲပေါ့နော်၊ ဦးလေးဖြူသီချင်း ဆိုတော့ အကုန်လုံးက ဘယ်လိုပဲနေနေ   ပြောမှာပဲပေါ့နော်။ ဒါကတော့လည်း သူတို့ Rights နဲ့ သူတို့မှန်တာပဲလေနော်၊ အဲဒီတော့ ကျွန်တော်လည်း အပြစ်ပြောစရာမရှိဘူး၊ ဒါပေမယ့် ခုနပြောသလိုပေါ့၊ ကိုယ်လုပ်နေတဲ့အလုပ်က ခုနစိတ်ကလေးတွေထည့်ပြီးတော့ လုပ်ထားတဲ့အတွက်၊ ဒီပြောတာတွေက တစ်ချို့ အရမ်းစော်စော်ကားကား ပြောလာတာတော့ ဘယ်လိုမှ စိတ်ထဲထားစရာမလိုဘူးပေါ့နော်။ အဲဒီလိုဆိုတော့ အဲ့ဒါတွေကို ချန်ခဲ့လိုက်တယ် ကိုယ်ယူသင့်တဲ့ အချက်ကိုပဲ ယူပြီးတော့သွားတယ် ပြင်ဆင်တယ်ပေါ့နော်၊ နောက်တစ်ပုဒ် အတွက်လည်း အဲဒီတိုင်းပဲ၊ ပြီးတော့ တစ်ဖြေးဖြေးနဲ့တော့ သူတို့ နောက်ပိုင်း ခံစားပေးလာကြတယ်၊ စစပိုင်းမှာတော့ သူတို့ လုံးဝလက်မခံဘူး၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီလိုတွေကပဲ တစ်ချို့ ပြန်လက်ခံလာတဲ့သူတွေလည်းရှိပါတယ်။

မေး။ ။ ငါ့ရဲ့လမင်း ဆိုတဲ့သီချင်းနဲ့ စခဲ့တဲ့ The Four Band ပေါ့နော်၊ ညီမလေးအနေနဲ့ မဟုတ်ဘဲနဲ့ The Four band အနေနဲ့ရော ညီမလေး ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။

ဖြေ။ ။ The Four ကတော့ သူတို့ မန်နေဂျာ နဲ့ပဲ ရှိနေတော့ The Four အကြောင်းကျတော့ တစ်ခါတစ်လေကျရင် သူက secret  လုပ်တာများတယ်ဆိုတော့ ဒါလေးကတော့ တစ်ချို့ဟာတွေဆို ကြိုမကြေငြာတာပေါ့နော် အဲ့လိုမျိုးလေးရှိပါတယ်။

မေး။ ။ ပထမဦးဆုံး တစ်ကိုယ်တော် အလ်ဘမ်ထဲက သီချင်း Music Video တွေကျတော့ရော ညီမလေးအနေနဲ့ ဘယ်လိုမျိုးလေး ချပြဖို့ စီစဉ်ထားလဲ။

ဖြေ။ ။ လုပ်တော့လုပ်ချင်တယ်၊ ဒါပေမယ့် Plan ပဲရှိသေးတယ်၊ အကြမ်းထည်ပဲ ရှိသေးတယ်ပေါ့နော်၊ အကောင်ထည်ဖော်ဖို့တော့ အချိန်တစ်ခုတော့ လိုဦးမယ်ဗျ။

မေး။ ။ တစ်ပုဒ်ချင်းစီ ချပြမလား ၊ ဒါမှမဟုတ်လို့ရှိရင် အလ်ဘမ်လိုက်ချည်းပဲ ပရိသတ်ကို ချပြမလား။

ဖြေ။ ။ လောလောဆယ်တော့ တစ်ပုဒ်ချင်းစီပဲ တွေးထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲတော့ မသိသေးပါဘူး။

မေး။ ။ ဒီအခွေထဲမှာ ကိုယ်အားအရဆုံး အကြိုက်ဆုံး သီချင်းတွေက အားလုံးတော့ အတူတူပဲ၊ ဒါပေမယ့် ကိုယ်အားအရဆုံး အကြိုက်ဆုံး သီချင်းဆိုရင်ရော။

ဖြေ။ ။ အကုန်လုံး အားရပါတယ်။ ပြီးတော့ ဘာလို့ဆိုတော့ ခုနအားရလို့ပဲ ကျွန်တော် Title တောင်မှ မပေးထားဘူးပေါ့နော်၊ ဒါကိုယ့်ခံယူချက်ပေါ့နော်။ တစ်ပုဒ်ချင်း ဘယ်တစ်ပုဒ်ကိုပဲ Title ပေးလိုက်တယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ကျွန်တော်က ဒီသီချင်းအကုန်လုံးကို ထပ်တူထပ်မျှ သဘောကျတဲ့အတွက် ဒီဟာတွေကို ကိုယ်စားပြုတဲ့အနေနဲ့ အမှတ်တရအနေနဲ့ ဂျူဝဲလ်ဆိုပြီးတော့ပဲ ထားဖြစ်လိုက်တာပါ။

မေး။ ။ လက်ရှိ ဆိုသလောက်ဆိုရင် အစ်ကို ကြားရသလောက်က ဒီထဲမှာ ဆိုလို့ရှိရင် ဒီလိုနဲ့ပဲ ရယ်၊ ဆုံးဖြတ်ပြီးသားရယ်၊ သီချင်းလေးတွေကတော့ ပရိသတ်တွေကြားထဲမှာ တော်တော်လေး ပေါက်တယ်ပေါ့၊ ညီမလေးအနေနဲ့ရော ဘယ်လိုသီချင်းလေးတွေရဲ့ ဘယ်လို feed back လေးတွေကို ပြန်ကြားရလဲ။

ဖြေ။ ။ ဟုတ်တယ်နော်၊ အွန်လိုင်းမှာလေ ခုတက်နေကြတဲ့အချိန်ကျတော့ Feed back ကတော့ ကျွန်တော့်အမြင်ကတော့ မျှတယ်ပေါ့နော်၊ မျှတယ်ဆိုတာ အခုဆိုရင် အစ်ကိုဆိုရင်လည်း အဲဒီအပိုင်း၊ ဒီနှစ်ပုဒ်ကို နားထောင်ရတာ ကြိုက်တယ်၊ တစ်ချို့ကျတော့လည်း EX တွေဆို ပေါ့ပေါ့ပါးပါး တို့ Sixteen တို့ အဲ့ဒါတွေကို ပိုကြိုက်တယ်တဲ့ အဲ့လို၊ ကျွန်တော်ကြည့်လိုက်တော့ ဒီတစ်ယောက်က ဒီသီချင်းကိုကြိုက်နေတာမျိုး မဟုတ်ဘဲနဲ့ ဒီတစ်ယောက် ဒီသီချင်းကိုကြိုက်တယ်၊ နောက်တစ်ယောက်တော့လည်း ဒီသီချင်းကိုပဲကြိုက်တာမျိုး မဟုတ်ဘဲနဲ့ နောက်တစ်ယောက်ကျတော့ နောက်တစ်မျိုးလေးကြိုက်တယ်၊ အဲဒါဆိုတော့ အခုလောလောဆယ် အချိန်ထိတော့ ကျွန်တော့်ကို ချစ်တဲ့သူတွေက ဒီသီချင်းခွေထဲက သီချင်းတွေကို ကြိုက်ကြတာ မျှနေတယ်ပေါ့နော်။ အဲဒီတော့ ဘယ်သီချင်းက ဘယ်လိုအလေးသာတယ်ဆိုတာမျိုးတော့ သိပ်မရှိသေးဘူး။ ဒါပေမယ့် ဆုံးဖြတ်ပြီးသား ကတော့ အွန်လိုင်းမှာလည်း တော်တော်ပေါက်တော့ သူ့ကိုတော့ တော်တော်ကြိုက်ကြတယ်လို့တော့ နည်းနည်းတော့ ပိုသာတယ်ပေါ့နော်၊ ဒီလိုနဲ့ပဲ တို့ ဘာတို့ ဟုတ်တယ်။

မေး။ ။ အဲဒီတော့ အခုဆိုရင် ဒါအနုပညာလောက ထဲမှာ လျှောက်လှမ်းလာတာ လေးငါးခြောက်နှစ်လောက်ရှိသွားပြီဆိုတော့၊ အရင်တုန်းက အိမ်ပြန်တဲ့ချိန် ၂၀၁၂ နဲ့ အခု ဒီ ၂၀၁၈မှာ အိမ်ပြန်တဲ့ချိန် ဘယ်လို ကွဲပြားခြားနားမှုတွေ ရှိသွားလဲ။

ဖြေ။ ။ ကွဲပြားခြားနားမှုရယ်လို့လည်း မရှိပါဘူး၊ ကျွန်တော်ကကျတော့ ပုံမှန်ပဲ နေထိုင်တယ်ပေါ့နော်၊ အဲ့လောက်ကြီး ထူးထူးခြားခြားမှုမရှိဘူး၊ ဒါပေမယ့် ကိုယ့်အပေါ်မှာတော့ ပီတိတွေ အများကြီးတော့ ကိုယ်ရနေတယ်ပေါ့နော်၊ ကိုယ်ကိုချစ်တဲ့သူတွေ ပိုများလာတာကို သိနေရတဲ့ Feeling လေး တစ်ခုထပ်တိုးလာတယ် ဆိုတော့ ဝမ်းသာစရာ ပိုပြီးတော့ များလာတယ်၊ ပျော်စရာတွေ ပိုများလာတယ် ဆိုတဲ့ Feeling လေးတော့ ရပါတယ်။

မေး။ ။ နောက်တစ်ခုကတော့ ခုနပြောသလို ၂၀၁၂ က ကိုယ့်ကို လူတွေဆက်ဆံတဲ့ ပုံစံနဲ့ အခု ၂၀၁၈မှာ ကိုယ့်ကို လူတွေဆက်ဆံတဲ့ ပုံစံဆိုရင်ရော ကွဲပြားခြားနားသွားတာမျိုး တွေ့ရလား။

ဖြေ။ ။ အနည်းနဲ့အများပေါ့၊ အနည်းနဲ့အများတော့ ကွဲပြားခြားနားတာမျိုးရှိပါတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။

မေး။ ။ ဒါကတော့ ပထမဦးဆုံး တစ်ကိုယ်တော် အလ်ဘမ်ဆိုတော့ ညီမလေးအနေနဲ့ နောက်ထပ် အတွဲခွေထဲမှာရော ပရိသတ်တွေနဲ့ ထိတွေ့ဖို့ရှိသေးလား။

ဖြေ။ ။ အတွဲခွေထဲမှာတော့ လောလောဆယ် Valentine အတွက် တစ်ခုတော့ရှိတယ်၊ နောက်ပိုင်းတော့ သိပ်ပြီးတော့ လက်ခံထားတာလေးတော့ သိပ်မရှိဘူး၊ ဘာလို့ဆိုတော့ ကျွန်တော်က များသောအဖြင့်က အတွဲတွေဆိုတာ များနေတော့ပေါ့နော်၊ လောလောဆယ် Single လေးကိုပဲ အားစိုက်ချင်တဲ့အတွက် Valentine မှာတော့ တစ်ခုထွက်ဖို့ရှိတယ် ၊အဲ့တစ်ခုပဲရှိပါတယ်။ ကျန်တာကတော့ လက်ခံထားတာမရှိသေးဘူး။

မေး။ ။ အတွဲသီချင်းလေးတွေ ဆိုလို့ရှိရင်လည်း ကိုဖြိုးပြည့်စုံနဲ့ ဆိုတဲ့သီချင်းလေးတွေက ပိုပြီးတော့ ပရိသတ်တွေကြားထဲမှာ ရေပန်းစားတယ်ပေါ့နော်။ တစ်ခြားသူတွေနဲ့စာရင်  ခုနပြောတဲ့ Valentine မှာ ထွက်လာမယ့် အတွဲသီချင်းလေးတွေကကျတော့ရော ဘယ်သူနဲ့ဆိုထားတာလဲ ဘယ်လိုပုံစံမျိုး လေး လဲ။

ဖြေ။ ။ အဲ့ဒါက ထွက်လာရင် စောင့်ကြည့်ပေးပါလို့ ကိုဖြိုးနဲ့တော့မဟုတ်ဘူး၊ ဘယ်သူနဲ့လဲ ခန့်မှန်းကြည့်ပါလား။

မေး။ ။ ဒီနေ့အစီအစဉ်ကနေပြီးတော့ ဒီအခွေလေးနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် ဒါမှမဟုတ်ရင် ကိုယ့်ရဲ့ ရှေ့ဆက်သွားမယ့် အနုပညာခြေလှမ်းအနေနဲ့ပဲဖြစ်ဖြစ် ပရိသတ်ကြီးကို ပြောပြချင်တာရှိရင် ပြောပြပေးပါဦး။

ဖြေ။ ။ အခုခွေက ထွက်ထားတာက မကြာသေးဘူးပေါ့နော်၊ ဒီဇင်ဘာ (၁၀) ရက်နေ့မှဆိုတော့ တစ်ချို့မသိသေးတဲ့ မိတ်ဆွေတွေလည်းရှိမယ်၊ ဆိုတော့ ကျွန်တော့်အခွေလေးက အနယ်နယ် အရပ်ရပ်ကို ရောက်နေပါပြီ၊ မရောက်ဘူးဆိုရင်လည်း အကြောင်းကြားပေးပါလို့ ၊အဲ့ဒီအခါကျရင်လည်း အခွေလေးကို နားဆင်ရင်း အားပေးပါလို့ ပြီးကျတော့ studio ထဲမှာ ဆိုထားတဲ့သီချင်းကိုပဲ ကျွန်တော် နောက်တစ်မျိုးနဲ့ ဘယ်လိုမျိုး ပေးရမလဲဆိုတာမျိုးလည်း အခုကြိုးစားနေပါတယ်လို့၊ အဲ့ဒါလေး ထွက်လာလို့ရှိရင်လဲ အားပေးပါဦးလို့ ပြောချင်ပါတယ်၊ ပြီးတော့ နောက်ထွက်လာမယ့် အနုပညာတွေကိုလည်း ခံစားပေးပါဦးလို့ ကျန်းမာရေးလည်း ဂရုစိုက်ကြပါလို့၊ ပြီးတော့ ကြည့်ရှုပေးနေကြတဲ့ အနယ်အနယ်အရပ်ရပ်က မဇ္ဈိမပရိသတ်ကြီးရော ပြီးတော့ အင်တာဗျူးပေးတဲ့ ဖိတ်ခေါ်ပေးတဲ့ တာဝန်ရှိသူတွေအကုန်လုံးလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောရင်း နှုတ်ဆက်ခဲ့ပါတယ်ဗျ။

မေး။ ။ ဟုတ်ကဲ့ပါ ဒါက ဒီနေ့အစီအစဉ်ရဲ့ နောက်ဆုံးမေးခွန်းလေးပေါ့နော်။ ကိုယ့်ရဲ့ အချစ်ရေးက အခုချိန်မှာ အားလုံးနဲ့အဆင်ပြေနေတာဆိုတော့ ကိုယ့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး Plan တွေချထားသေးလဲ ။

ဖြေ။ ။ Plan ကတော့ နားလည်မှု ယူထားပါတယ်၊ ဘာလို့ဆိုတော့ သူလည်း ကိုယ့်ကို အများကြီးနားလည်ပေးတဲ့လူပဲ ဆိုတော့လေ ဆိုတော့ အရမ်းတင်းကျပ်တာမျိုးမရှိဘူးပေါ့နော်၊ နှစ်ယောက်လုံးက အဆင်ပြေတယ် ဒါပေမယ့် အကြမ်းဖျဉ်း ဆွဲထားတာကတော့ ရှိတာပေါ့နော်။ ဘယ်ချိန် ဘယ်ချိန်ကျရင်တော့ ဘယ်လိုမျိုး ဆွဲထားတဲ့ Plan လေးတော့ရှိတယ်၊ ဒါပေမယ့် အကောင်ထည်ဖော်ဖြစ် မဖော်ဖြစ် ဆိုတာကတော့ ဒါက ဆက်သွားရမယ်ပေါ့နော်။

ဟုတ်ကဲ့ပါ ဒီနေ့အစီအစဉ်လေးမှာ အချိန်ပေးပြီးတော့  မေးသမျှမေးခွန်းလေးတွေကို ဖြေပေးတဲ့ ဂျူဝဲလ်ကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။   ။  ( မဇ္စျိမ )

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly