ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယခုနှစ် ရောက်ရှိလာတဲ့ ခရီးသည် (၆)သန်းပြည့်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယခုနှစ် ရောက်ရှိလာတဲ့ ခရီးသည် (၆)သန်းပြည့်
Photo: AFP

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၈ ခုနှစ်အတွင်း ရောက်ရှိလာတဲ့ ခရီးသည်အရေအတွက်ဟာ ဒီဇင်ဘာ ၂၈ ရက်မှာ ခြောက်သန်း ပြည့်သွားပြီလို့ သိရပြီး ဒါဟာ အရင်နှစ်က စံချိန်ကို ကျော်လွန်ခဲ့တယ်လို့ Yangon Aerodrome Co. Ltd., (YACL) က သတင်းထုတ်ပြန်ထားပါတယ်။ 

“အရင်နှစ်က ကိုင်တွယ်ဝန်ဆောင်မှုပေးခဲ့တဲ့ ခရီးသည်ပမာဏ ၅.၉၂ သန်းကို ကျော်လွန်ပြီး ဒီနှစ်မှာ ခြောက်သန်းမြောက်ခရီးသည်ကို ကြိုဆိုပြီး ၂၀၁၈ ခုနှစ်ကို နှုတ်ဆက်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ၂၀၁၈ အောက်တိုဘာလက စတင်ပြီး ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်နဲ့ ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးမှုတွေဟာ အလွန်အကျိုးသက်ရောက်မှုရှိပါတယ်။”လို့ Yangon Aerodrome Co. Ltd., (YACL) ရဲ့ အမှုဆောင်အရာရှိချုပ် Mr Ho Chee Tong က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က စင်္ကာပူလေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ ခြောက်သန်းမြောက်ခရီးသည်ကို ကြိုဆိုပြီး ကျပ်ငွေတစ်သန်းနဲ့ အခြားကျပ်တစ်သန်းတန်ဖိုးရှိ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

“လာမယ့် ၂၀၁၉  မှာလည်း လေဆိပ်စွမ်းဆောင်ရည်တွေ၊ ဝန်ဆောင်မှုတွေ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ လေကြောင်းဆက်သွယ်မှုတွေကိုလည်း တိုးချဲ့မြှင့်တင်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆင့်မြှင့်တင်တိုးချဲ့မှုနဲ့အတူ ပိုမိုများပြားတဲ့ခရီးသည်ပမာဏကို ပိုမိုများပြားတဲ့ ခရီးသည်ပမာဏကို ကိုင်တွယ်ဝန်ဆောင်မှုပေးနိုင်ပြီး ပိုမိုများပြားတဲ့ စံချိန်တွေ စဉ်ဆက်မပြတ် ရရှိသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။”လို့ သူက ပြောပါတယ်။

ရန်ကုန်လေဆိပ်မှာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၃၁ လိုင်းနဲ့ အပြည်ပြည်ဆိုုင်ရာ ခရီးစဉ် ၂၉ ခုကို ဝန်ဆောင်မှုပေးနေသလို ပြည်တွင်းလေကြောင်းလိုင်းများလည်း ပြေးဆွဲနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly