ပျော်ရွှင်မှုကို အာမခံပေးရမည့် ပညာရေးပြုပြင်ပြောင်းလဲမှု

By သိန်းနိုင် (မောက္ခပညာရေး)
28 December 2018
ပျော်ရွှင်မှုကို အာမခံပေးရမည့် ပညာရေးပြုပြင်ပြောင်းလဲမှု
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ပညာနိုင်ငံတော်တည်ဆောက်ရာတွင်ကမ္ဘာ့ပညာနိုင်ငံစာရင်းဝင်ကိုရီးယားနိုင်ငံအကြောင်းကိုလည်းထည့်သွင်း ဆွေးနွေးလိုပါသည်။ အထူးသဖြင့် နိုင်ငံတကာ ကျောင်းသားများစစ်ဆေးခြင်းအစီအစဉ် PISA တွင်ထိပ်ဆုံးငါးနိုင်ငံထဲပါခဲ့ခြင်းက စိတ်ဝင်စားစရာ ဖြစ်နေ၏။ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးမှုအဖွဲ့အစည်း OECD အိုအီးစီဒီကကမကထ ပြုလုပ်ကျင်းပခဲ့သော PISA ရလဒ်များမှာ တကမ္ဘာလုံးက အလေးထားရသည့် ပညာရေးဆိုင်ရာအရည်အသွေးစစ်တမ်းနှင့်အဆင့်သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများမှ အသက်၁၅နှစ်အရွယ်ကလေးများကိုစာဖတ် ခြင်းဘာသာ၊ သချင်္ာနှင့်သိပ္ပံဘာသာရပ်တို့တွင် ကျွမ်းကျင်တတ်မြောက်မှုကို စစ်ဆေးခြင်း ဖြစ်သည်။ ၂၀၁၃ခုနှစ် ထိပ်ဆုံးငါးနိုင်ငံတွင် ဖင်လန်၊ ကနေဒါ၊ နယူးဇီလန်နှင့်ဂျပန်တို့လည်းပါဝင်ကြ၏။

အကြောင်းအားလျော်စွာမထင်မှတ်ဘဲကမ္ဘာ့ပညာရေးထိပ်တန်းအဆင့်များသို့လွယ်လင့်တကူ ရောက်နေရခြင်းတော့မဟုတ်ပါ။အံ့ဩဖွယ်ရာ အောင်မြင်မှုအသီးအပွင့်များနောက်ကွယ်တွင်ကြိုးပမ်းအားထုတ်ထားမှုများစွာကို တွေ့မြင်ရမည်။ ပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ကမ္ဘာ့ပညာထိပ်တန်းနိုင်ငံများမှလည်းအတုယူစရာများတစ်ပုံတပင်ရှိနေ လေသည်။ ၁၉၅၃ခုနှစ် တွင် ကိုရီးယား စစ်ပွဲအဆုံးသတ်ခဲ့သည်။၁၉၆၀ ပြည့်လွန်နှစ်များတွင် တောင်ကိုရီးယားနိုင်ငံမှာ ဆင်းရဲသော နိုင်ငံလေးတစ်ခုမျှသာရှိနေ သေးသည်။ သို့ရာတွင်ယနေ့တွင်မူကမ္ဘာ့မျက်နှာစာထိပ်တန်း နေရာ တော်တော်များများတွင် တောင်ကိုရီးယားတို့က နေရာယူထားပြီဟု မက်ကင်ဆေးကမ္ဘာလုံးဆိုင်ရာအင်စတီကျူ့ကဆိုပါသည်။

များမကြာသေးမီကထွက်ရှိသောအစီရင်ခံစာများအရ တောင်ကိုရီးယားသည်သင်္ဘောတည်ဆောက်မှု၊ LCD ဖန်သားပြင်ထုတ်လုပ်မှု၊ မိုဘိုင်းလ်ဖုန်းနှင့် မမ်မိုရီချပ်စ်ထုတ်လုပ်မှုများတွင် ကမ္ဘာကျော်ထိပ်တန်းအဖြစ် သတ်မှတ်ထားကြသည်။ မော်တော်ကား ထုတ်လုပ်မှုတွင်လည်း နံပါတ်ငါးနေရာတွင် ရှိနေသည်။ လက်ရှိကမ္ဘာ့ဘဏ်ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးနေရာရယူထားကြသူများမှာ တောင်ကိုရီးယားနိုင်ငံသားများပင် ဖြစ်သည်။ယဉ်ကျေးမှုမျက်နှာစာတွင်လည်းထိပ်တန်းပင်။ K-Pop နှင့်ကိုရီးယား ပေါ့ယဉ်ကျေးမှုမှာ အာရှသားတို့၏စံနမူနာဖြစ်သည့်အပြင်ကမ္ဘာကျော်ဟုလည်းဆိုရမည်။

ဆယ်စုနှစ်အနည်းငယ်အတွင်းအချိန်ကာလတိုတိုလေးအတွင်းမှာ တောင်ကိုရီးယားသည် ထိပ်တန်းနိုင်ငံတစ်ခုအဖြစ် မည်ကဲ့သို့သော နည်းလမ်း များဖြင့် အသွင်သစ်ပြောင်းလဲလာခဲ့ပါသနည်း။ အဖြေမှာရှင်းနေပါသည်။ ပညာရေးမူဝါဒများထဲတွင်နိုင်ငံ၏အနာဂတ်မှာတည်ရှိနေခဲ့ခြင်းကြောင့်ပင်။

''ကိုရီးယားစတိုင်ကို ကျော်လွန်၍ဖွံ့ဖြိုးတိုးတက်မှု ဖော်မြူလာအသစ်ကိုပုံဖော်ခြင်း'' ဟု ခေါင်းစည်းတပ်ထားသည့်မက်ကင်ဆေးအစီရင်ခံစာအရ တောင်ကိုရီးယားနိုင်ငံသည် ပညာရေးဘတ်ဂျတ်အသုံးစရိတ်ကို အလွန်အမင်းတိုးမြှင့်ထားရှိသည်။၂၀၁၁စာရင်းများအရ OECD အိုအီးစီဒီ နိုင်ငံ များထဲတွင် ကောလိပ်ကျောင်းတက်ရောက်နှုန်းအမြင့်ဆုံးဖြစ်ပြီး အထက်တန်းကျောင်းသား ၇၁ရာခိုင်နှုန်းအထိ တက္ကသိုလ်များတွင် တက်ရောက်ကြသည်။အမေရိကန်တွင်၆၄ရာခိုင်နှုန်းနှင့် OECD နိုင်ငံများတွင်ပျမ်းမျှ၅၆ရာခိုင်နှုန်းဖြစ်သည်။

နိုင်ငံတကာ ကျောင်းသားများစစ်ဆေးခြင်း PISA စာမေးပွဲများတွင်လည်း တောင်ကိုရီးယားကျောင်းသားများမှာအလွန်အမင်းထူးချွန်စွာ အောင်မြင်ကြသည်။ ကွန်ပျူတာတတ်မြောက်မှုတွင် ပထမ၊စာဖတ်ခြင်း ဘာသာတွင်ဒုတိယ၊သချင်္ာတွင် စတုတ္ထနှင့်သိပ္ပံပညာတွင်ဆဋ္ဌမနေရာတို့ကို ၂၀၀၉ ခုနှစ်တွင်ရရှိခဲ့သည်။ ထိရောက်လှသောပညာရေးမူဝါဒများနှင့် ဝန်ဆောင်မှုတို့ကို အထူးမှတ်တမ်းတင်ရမည်ဖြစ်သည်။ တကမ္ဘာလုံး တွင်လည်း ပညာရည်အမြင့်မားဆုံးသောလုပ်သားထုကို တောင်ကိုရီးယားတို့က ပြုစုပျိုးထောင်မွေးထုတ်ထားနိုင်ကြသည်။ လူဦးရေတစ်သိန်းတွင် အင်ဂျင်နီယာဘွဲ့ရသုံးထောင်ငါးရာ ကျော်ဖြင့်နည်းပညာဘွဲ့ရအရေအတွက်မှာလည်း မြင့်မားလှသည်။ ပညာအရည်အသွေး ပြည့်ဝပြီး စွမ်းဆောင် ရည် မြင့်မားလှသည့် လူသားအရင်းအမြစ်ကြောင့်သာလျှင် တောင်ကိုရီးယားမှာချမ်းသာကြွယ်ဝလာခြင်း ဖြစ်သည်။ အကြီးစားစက်မှု လုပ်ငန်းများ ဖြစ်သည့် အီလက်ထရောနစ်နည်းပညာနှင့် မော်တော်ကားထုတ်လုပ်မှုပညာတို့တွင် လွန်စွာအဆင့်အတန်း မြင့်မားလာခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုးလာသည် နှင့် အမျှအခြေခံအဆောက်အဦပိုင်းနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်ပိုမိုရင်းနှီးမြှုပ်နှံကြပြန်သည်။

ကျွန်တော့်အမြင်ရဆိုရသော် တောင်ကိုရီးယား၏ စီးပွားရေးမူဝါဒများနှင့် ပညာရေးမူဝါဒတို့မှာ လက်ချင်းချိတ် ဒွန်တွဲချီတက်လျက် ရှိသည်ဟု ဆိုချင်ပါသည်။ ပြုပြင်ပြောင်းလဲမှုများစတင်လုပ်ဆောင်နေသည့် မြန်မာနိုင်ငံအတွက်လည်း တောင်ကိုရီးယား၏ အပြောင်း အလဲနှင့် ပညာရေး စနစ်၊လူသားအရင်းအမြစ်ပျိုးထောင်မွေးထုတ်ပုံတို့မှာအတုယူစရာများရှိကြောင်းတင်ပြလိုသည်။ ပညာရေး ပြုပြင်ပြောင်းလဲ မှုများတွင် စီးပွားရေး အမြင်နှင့်အနာဂတ်အလားအလာကိုလျစ်လျူရှု၍မထားသင့်ပါ။ မြန်မာနိုင်ငံသားတိုင်းအတွက် ကောင်းမွန်သော ပညာရေးဟုဆိုရာတွင် စာပေအသိ၊ ပညာရပ်အကြောင်းအရာတို့ကိုသာလျှင် အလေးထား၍မဖြစ်ပါ။ ယှဉ်ပြိုင်မှုပိုမိုပြင်းထန်လာသည့်ကမ္ဘာတွင်ကောင်းမွန်သောပညာရေးစနစ်သည်နိုင်ငံတော်၏လူမှုရေးနှင့်စီးပွားဖွံ့ဖြိုးမှုတို့အတွက်လည်းအာမခံချက်ပေးနိုင်ရပါမည်။မဖွံ့ဖြိုးသေးသောဆင်းရဲတွင်းနက်လှဆဲနိုင်ငံများတွင် ကောင်းမွန်သော ပညာရေးစနစ်အတွက်အထောက်အကူပြု အခြေခံအဆောင်အအုံအပြင်စွမ်းဆောင်ရည်ပြည့် လူသားအရင်းအနှီးမှာလုံလောက်မှု (လုံးဝ) မရှိသည့် အတွက်ပို၍ပင်အလေးထား ပြင်ဆင်ရပါလိမ့်မည်။ ဖွံ့ဖြိုးတိုးတက်ပြီး တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးကောင်းလာ ခြင်းနှင့်ဓနကြွယ်ဝလာခြင်းမှာ ပညာရေးကြောင့်ဟုမီးမောင်းထိုးတင်ပြနေသော်လည်းသူတို့ကျော်ဖြတ်ခဲ့ရသော၊ ကျော်ဖြတ်နေရဆဲ အခြားစိန်ခေါ်မှုများနှင့် မလိုလားအပ်သော အကျိူးဆက်များကိုလည်းကျွန်တော်စေ့ငုကြည့်မိပါသည်။

မက်ကင်ဆေးအင်စတီကျူ့၏အစီရင်ခံစာတွင်ဆက်လက်တင်ပြထားပါသည်။ တောင်ကိုရီးယားမိဘများနှင့် ကျောင်းသားများမှာ ပညာရေး အရည်အသွေးအတွက်စိတ္တဇဖြစ်လုနီးပါးစိုးရိမ်သောက ရောက်လျက်ရှိကြသည်နှင့်အမျှ ကျူရှင်ကျောင်းများမှာ ပိုမိုအရေးပါလျက်ရှိနေသည်။ အချိန်ပိုသင်တန်းများစွာအတွက်မိဘများက ငွေကုန်ကြေးကျခံကြသည်။ ပြင်းထန်လွန်းလှသည့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများတွင် အောင်မြင်မှုရရှိရန်အတွက်အစိုးရကျောင်းများကလုံလုံလောက်လောက်သင်ကြားပေးခြင်း၊ ပြင်ဆင် ပေးခြင်းမရှိဟုမိဘများရှုမြင်ကြသည်။

မိသားစုဝင်သားသမီးဦးရေကန့်သတ်ထားခြင်းများ၊လူဦးရေလျော့နည်းလာခြင်းများမှာပညာရေးစရိတ်စကကြီးမြင့်လွန်းလှသည့်အတွက် ကြောင့် ဟုဆိုပါသည်။ သားသမီးပညာရေးအတွက် ဝင်ငွေ၏ ရာခိုင်နှုန်းအတော်များများကို အသုံးပြုရခြင်း၊ မိဘများကအလုပ်အကိုင်တို့ကို စိတ်ဖိစီးမှုနှင့်အတူ ပင်ပင်ပန်းပန်း၊ကြိုးစားလုပ်ကိုင်၍ ဝင်ငွေရှာဖွေရခြင်းတို့ ရှိနေသည်။ ထို့အတူသားသမီးများဘက်တွင်လည်း ပညာရေးတွင်ထူးချွန်ပေါက်မြောက်အောင် ကြိုးစားပေးရန်တာဝန်မှာစိတ်ဖိစီးမှုဒဏ်အဆင့်ပင် ရောက်ရှိနေလေသည်။ကစားချိန်မှာမရှိသလောက်ပင်။မိဘများနှင့်လူ့အဖွဲ့အစည်း၏ မျှော်လင့်ချက်စံချိန်မီအောင် အလွန်အမင်းပင်ပန်းခံကာ (အချိန်ပြည့်) စာကြိုးစားနေရတော့သည်။

ဘွဲ့ရပြီးသော်ငြားလည်း အလုပ်တွင်အောင်မြင်ရန်မှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်သည်။ မိမိနည်းတူအခြားသော စွမ်းဆောင်ရည်ပြည့် ဘွဲ့ရများမှာ တသီတတန်းကြီး မဟုတ်ပါလား။ အလုပ်နှင့်ဝင်ငွေစံနှုန်းမပြည့်မီခြင်းကို ရှုံးနိမ့်ခြင်းဟု မညှာမတာပင်ရှုမြင်သုံးသပ်ကြ၏။ သို့ဖြစ်လေရာ ပညာရေး အရနှင့် စီးပွားရေးအရကမ္ဘာ့ထိပ်တန်းနိုင်ငံအဆင့်သို့ခံစားရောက်ရှိခဲ့စေကာမူ တောင်ကိုရီးသားတွင် လူမှုသောက ပူပန်မှုများကြီးထွားလာနေသည် ဟူ၍လည်း မက်ကင်ဆေးစစ်တမ်းကသုံးသပ်ပြထားပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ လေ့လာချက်အရ တစ်ကမ္ဘာလုံးတွင်မိမိကိုယ်ကိုယ်မိမိ အဆုံးစီရင်မှုနှုန်းထား အမြင့်များဆုံး နိုင်ငံရာထူး ကိုလည်း တောင်ကိုရီးယားက ရထားပြန်သည်။ ထိပ်သီးတက္ကသိုလ်များသို့ဝင်ရောက်ခွင့်ရရှိရေးပညာရေးစစ်ပွဲတွင်ရှုံးနိမ့်သွားကြသော (အလွန် အမင်း) စိုးရိမ်ပူဆွေးမှုများရှိနေသည့်ကိုရီးယားကျောင်းသားများမှာဆူဆိုက်စာရင်းဝင် ဖြစ်လာကြသည်။ နိုင်ငံတော်ကိုပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုး သောနိုင်ငံတည်ဆောက်ရန်ရည်ရွယ်ချက်ဖြင့်ကြိုးစားအားထုတ်ရာတွင်စာပေအသိ၊ပညာရပ်အသိမြင့်မားပြီးစီးပွားရေးအရအာမခံချက်ရှိသောပညာ ရေးစနစ်ကို တန်းဝင်အောင်အားထုတ်ရမည်ကိုကား ငြင်းချက်မရှိပါ။ သို့ရာတွင် တွဲဖက်ပါဝင်နေတတ်သည့် လူမှုရေးဆိုင်ရာ တန်ပြန်သက်ရောက် မှုများကိုမူ သတိကြီးစွာထားရှိရန် လိုအပ်ပါမည်။ အထူးသဖြင့် ပညာရေးဆိုင်ရာတန်းတူအခွင့်အရေးနှင့်ပညာရေးတရားမျှတမှုတို့ကို ဖော်ဆောင် သင့်ပါသည်။

စာပေအသိပညာနှင့်ပညာရပ်ဆိုင်ရာအရည်အသွေးမြင့်မားပြီးလျှင်စီးပွားရေးအရလည်းအာမခံချက်ပေးနိုင်မည့်ပညာရေးစနစ်ဖြစ်ရုံသာမကဘဲအားလုံးခံစားခွင့်ရှိပြီးကိုယ်ကျင့်တရားနှင့်အညီ ပျော်ရွှင်ဖွယ်ရာဖြစ်သော မြန်မာ့လူ့အဖွဲ့အစည်းကိုတည်ဆောက်ပေးနိုင်မည့်ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်သင့်ပါသည်။

သိန်းနိုင် (မောက္ခပညာရေး)

Ref: McKinsey Global Institute report 2011

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly