တောတောင်ခြားက "ကနေဒီ"ဆင်စခန်း

By သူရိယထက်
27 December 2018
တောတောင်ခြားက "ကနေဒီ"ဆင်စခန်း

ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပြီး ပထဝီအနေအထားအရ ကုန်းမြင့် တောင်တန်းများနှင့် ဖွဲ့စည်းထားသလို အမြဲစိမ်းတောများနဲ့ အေးချမ်းတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ အထင်ကရများအနေနဲ့ ချင်းပြည်နယ်တောင်ပိုင်းက ခေါနုသုမ်တောင် ၊ ဘုံတလာ ရေတံခွန်၊ ကနေဒီတောင်တန်း၊ သဘာဝအသည်းနှလုံးပုံ ရိဒ်ရေကန် စသည်တို့ဟာ ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားဖွယ်နေရာများဖြစ်သလို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည့်များအတွက်လည်း ဆွဲဆောင်မှု တစ်ခုဖြစ်ပါတယ်။

မကြာမီအချိန်မှာတော့ Land of Elephants လို့ခေါ်တဲ့ "ကနေဒီ"ဆင်စခန်းကို ချင်းပြည်နယ်မှာ အကောင် အထည်ဖော် ဆောင်ရွက်တော့မှာဖြစ်ပြီး သဘာဝခရီးသွားလုပ်ငန်းအတွက် ဒီဆင်စခန်းက လည်ပတ်စရာ နေရာတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပ ခရီးသွားဝန်ဆောင်မှုများမြှင့်တင်တဲ့အနေနဲ့ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကိုအဓိကထားအာရုံစိုက်လာကြပါတယ်။ ဒီထဲကမှ ဆင်များကို အခြေခံပြီး ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး အခြေခံရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်လာတဲ့အတွက်  ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေအတွက် စိတ်ဝင်စားဖွယ်တစ်ခုဖြစ်လာနေပါတယ်။

"ကနေဒီ ဆင်စခန်းဟာ ချင်းပြည်နယ်ထဲမှာ ပထမဆုံး ပြုလုပ်လိုက်တဲ့ စခန်းဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေ တိုးတက်နိုင်ဖို့နဲ့ သဘာဝတောတောင်အလှတွေကို လူတွေ ချစ်တတ်လာဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့ တာပါ"လို့ ဆင်စခန်းတာဝန်ခံ ကိုတိုးချစ်မှူးပိုင်က ပြောပါတယ်။

ကနေဒီဆင်စခန်းဟာ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ရှိပြီး ကလေးမြိုကတစ်ဆင့် သွားမယ်ဆိုရင်တော့ ဆိုင်ကယ်၊ ကားများနဲ့သွားလို့ရပါတယ်။ ဆိုင်ကယ်နဲ့ ဆိုရင်တော့ ပုံမှန် ၂ နာရီလောက်မောင်းနှင်ရပြီး အေးမြ ကြည်လင်လှတဲ့ ဆည်ကြီးတောင်ကျချောင်းဘေးမှာ တည်ရှိနေပါတယ်။

သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာရေးအတွက်မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားတဲ့ ဆင်စခန်းတွေဟာ  မြန်မာတစ်နိုင်ငံလုံးမှာ ၁၈ ခုရှိသွားပြီဖြစ်ပါတယ်။ဆင်စခန်းတွေကို မြန်မာ့သစ်လုပ်ငန်း အနေနဲ့ ဆင် အကောင်ရေ ၂၀၅ ကောင်ကို အသုံးပြုဖွင့်လှစ်ထားပြီး ခရီးသည်တွေအတွက် စွဲဆောင်စရာ နေရာတွေကို ဖန်တီး ပုံဖော်နိုင်ခဲ့ပါတယ်။ ယခုထပ်မံဖွင့်လှစ်မယ့် Land of Elephants ကနေဒီဆင်စခန်းကိုပါ ထပ်ပေါင်းထည့်မယ်ဆိုရင်တော့ ဆင်စခန်းပေါင်း ၁၉ ခုရှိလာမှာလည်း ဖြစ်ပါတယ်။ကနေဒီဆင်စခန်းမှာတော့  ဆင်မ ၃ ကောင်နဲ့ဆင်ထီး ၄ ကောင် အပါအဝင် စုစုပေါင်း ဆင် ၇ ကောင်ထားရှိပြီး အပန်းဖြေစရာများနဲ့ အစားအသောက်ဆိုင်များလည်း ထားရှိပြီးဖြစ်ပါတယ်။

"စခန်းက မဖွင့်သေးပေမယ့် ရုံးပိတ်ရက်တွေဆို လူတွေလာကြတယ်။ လက်ရှိမှာ ဆင်စီးလို့ ရတယ်။ အပန်းဖြေ လာရင်း စားသောက်နိုင်ဖို့ ကန်တင်းပုံစံ ဆိုင်လေးတွေနဲ့ အစားအသောက်တွေ ရောင်းပေးတယ်။ နောက် ဆိုရင်တော့ တစ်ဦးကို ဝင်ကြေး ၁၀၀၀ ကျပ် ကောက်မယ်။ ဆင်စီး အနီး ၃၀၀၀ ကျပ်နဲ့ အဝေးဆိုရင် ၅၀၀၀ ကျပ် ကောက်ခံမယ်။ ကလေးတွေအတွက်တော့ ဝင်ကြေးနဲ့ ဆင်စီးခ အခမဲ့ ထားပေးသွားမယ်"ဟု ကိုတိုးချစ်မှူးပိုင်က ဆိုပါတယ်။

အဆိုပါဆင်စခန်းကို လာရောက်လည်ပတ်မယ်ဆိုရင်တော့ ဆင်များအတွက် အစားအစာကို ပြင်ပကနေ ဝယ်လာတဲ့ အစာတွေ မကျွေးစေဖို့ ကန့်သတ်ထားပါတယ်။ ဒါဟာလည်း ဆင်တွေရဲ့ ကျန်းမာရေးအတွက် ထိခိုက်မှုရှိမှာစိုးတဲ့အတွက် တားမြစ်ထားတာ ဖြစ်ပါတယ်။

"ယခင်က ဒီအနားမှာ ငှက်ပျောခြံတွေlကြံတွေစိုက်တယ်လို့ ကြားဘူးတယ်။အခုနောက်ပိုင်းမှာတော့ စပါး ပြောင်းစိုက်ကြတော့တယ်။သူတို့တွေက ပြန်စိုက်ရင်တော့ အဝေးကြီးသွားဝယ်စရာမလိုတော့ဘူးပေါ့"ဟု ၎င်းကဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ သစ်ထုတ်လုပ်မှုကို နေရာဒေသအလိုက် နှစ်အကန့်အသတ်နဲ့ ဆောင်ရွက်လာတဲ့အတွက် သစ်လုပ်ငန်းမှာ အသုံးပြုနေတဲ့ ဆင်များဟာ အလုပ်လက်မဲ့ဖြစ်ပေါ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါဆင်များကို အသုံးပြုပြီး သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများမှာ အသုံးပြုလာတဲ့အတွက် ဆင်တွေဟာ နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနိုင်လာကြပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ သစ်လုပ်ငန်းကို ၂၀၁၆ ခုနှစ်က ရပ်နားခဲ့တယ်။ဆင်စခန်းရည်ရွယ်ချက်ကလဲ ခရီးသွား လုပ်ငန်းကနေ ဝင်ငွေရဖို့မတွက်မဟုတ်ပါဘူး။ဆင်နဲ့လူတွေ ရင်နှီးဖို့ပါ။သဘာဝပတ်ဝန်ကျင်ကို လူတွေ လေ့လာလို့ရအောင် သဘာဝတောတောင်ရေမြေတွေကို ခံစားစေချင်တဲ့ရည်ရွယ်ချက်တွေနဲ့ဖွင့်လှစ်တာ"ဟု တီးတိန်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။

ဆင်စခန်းသို့လာရောက်သူ ခရီးသွားဧည့်သည်များကို ပြည်ပခရီးသွားဧည့်သည်များ လာရောက်နိုင်တဲ့အထိ မျှော်မှန်းထားပြီး နိုင်ငံခြားဝင်ငွေရရှိရေးနဲ့ အနာဂတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအထိ မျှော်မှန်း လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။  ပြီးခဲ့တဲ့နှစ်ကာလများအတွင်းက ဆင်စခန်းပေါင်း ၁၈ ခုကနေ နိုင်ငံတော်အတွက်ဝင်ငွေ ကျပ်သန်း ၄၃၀ နီးပါးဝင်ငွေရရှိခဲ့ပါတယ်။

"ကျွန်တော်တို့ နိုင်ငံတော်အဆင့် ဆင်စခန်းဖွင့်ဖို့ဆို အချိန် ၃ လလောက် ခန့်မှန်း အချိန်ပေးရမယ်။ ဒီနေ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီးတော့ အကြိုပုံစံမျိုးပြသနေတာပါ။ စခန်းအနေအထားတွေ အဆောက်အဦတွေ လိုနေသေးတယ်လေ"ဟု ဦးတိုးချစ်မှူးပိုင်ကပြောပါတယ်။

အဆိုပါဆင်စခန်းနေရာဟာ ယခင်က ကလေးတက္ကသိုလ်က ကျောင်းသူကျောင်းသားများ ကြိုးတံတားသို့ လာရောက်လေ့ရှိတဲ့ နေရာဖြစ်ပြီး ချောင်းထဲမှာ ရေချိုးခြင်းအပါအဝင် အဖွဲ့လိုက် ပျော်ပွဲစားထွက်ရှိရာ နေရာလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ် တီးတိန်နယ် စီးယင်းကြိုးဝိုင်းထဲမှာ တည်ဆောက်နေတဲ့ land of elephants လို့ အမည်ရတဲ့ "ကနေဒီ" ဆင်ထိန်းစခန်းဟာ ဧက ၁၅၀ ကျယ်ဝန်းပြီး ချောင်းအထက်ဘက်အပါအဝင် ဧက တော်တော် များများကို ခွင့်ပြုချက်ရရှိနိုင်ရေးအတွက် တင်ပြထားကြပါတယ်။ နောက်ပိုင်းမှာတော့ သဘာဝ တန်ဖိုးမြင့် စိုက်ခင်းများလုပ်ဖို့အထိ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

"ကျွန်တော်တို့ တောင်းထားတဲ့ ဧက ၁၅၀ အကျယ်မှာတော့ တန်ဖိုးမြင့်စိုက်ခင်းတွေရော စိုက်မယ်။ ညဘက်တော့ ဆင်တွေလွှတ်ထားမယ်။မနက်ကျမှ ဆင်တွေကိုခေါ်ပြီး တင်းကုပ်တွေမှာ ပြသပေးသွားမယ်"ဟု ဆင်စခန်းအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

ချင်းပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်းများအနက် ခရီးသွားလုပ်ငန်းဟာ ပြည်နယ်အတွက် အရေးပါတဲ့ ဝင်ငွေရှာပေးနိုင်တဲ့လုပ်ငန်းဖြစ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေဖို့အတွက် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

သဘာဝရှုခင်းများနဲ့ လှပနေတဲ့ ချင်းပြည်နယ်ဟာ တောတောင်ထူထပ်များပြားခြင်းအပါအဝင် ခရီးသွား ဒေသ အဖြစ် အလားအလာကောင်းတွေနဲ့ အခွင့်အလမ်းများစွာရှိနေပါတယ်။ ဒီဒေသကို နှစ်စဉ် ပြည်တွင်း ပြည်ပ ဧည့်သည်တွေ တဟုန်ထိုး မြင့်တက်လာတဲ့အထိ လာရောက်လည်ပတ်မှုတွေက သက်သေပဲဖြစ်ပါတယ်။ သိပ်မကြာခင် ကာလတစ်ခုမှာတော့ ချင်းပြည်နယ်က တောတောင်တွေကြားထဲမှာ ကနေဒီ ဆင်စခန်းတစ်ခုဟာ ရုပ်လုံးပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။

မြို့ပြရဲ့မွန်းကျပ်မှုတွေနဲ့အတူ ရုပ်ဝတ္တုတွေရဲ့စေစားရာကို လိုက်ရင်း ဘဝအမောတွေနဲ့ ရုန်းကန်နေကြရတဲ့ လူသားတွေအတွက် သဘာဝတောတောင်ရေမြေ အလှအပတွေကို ခံစားရင်း အပန်ဖြေချင်တယ်ဆိုရင်တော့ ချင်းပြည်နယ်က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ဒါကြောင့် အပန်းဖြေခရီး ထွက်ဖို့ ပြင်ဆင်နေသူတွေအနေနဲ့ လည်ပတ်စရာတွေ ပြည့်နေတဲ့ ချင်ပြည်နယ်ကို အရောက်သွားသင့်ကြောင်း အကြံပြုလိုက်ပါရစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly