စိုက်ပျိုးရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ မရှိဘဲဖြစ်နေဟု စီးပွားရေး ပညာရှင်ပြော

စိုက်ပျိုးရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ မရှိဘဲဖြစ်နေဟု စီးပွားရေး ပညာရှင်ပြော

ရန်ကုန်၊ စက်တင်ဘာ ၂၉။ ။ မြန်မာနိုင်ငံ လူဦးရေ၏ ခုနှစ်ဆယ်ရာ ခိုင်နှုန်းလုပ်ကိုင်ကြသည့် စိုက်ပျိုးရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုမရှိခြင်းကြောင့် ဖွံ့ဖြိုးမှုနည်းပါးနေသည်ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်သူရက ထောက်ပြ ပြောဆိုလိုက်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ခက်ခဲပြီးရှုပ်ထွေးခြင်း၊ အခြားနိုင်ငံများတွင် မြေဧက ထောင်သောင်း ချီပြီးလုပ်ကိုင် နေသော်လည်း မြန်မာနိုင်ငံ၏ အနေအထားအရ ထောင်သောင်းချီကာ ဝင်လာ၍ မရသေးကြောင်း၊ ရင်းနှီးမြှုပ်နှံသူ တစ်ဦးတည်း မြေဧကထောင်ချီ ပိုင်ဆိုင်ရန် မလွယ်ကူသည့် အတွက် စိတ်ဝင်စားမှုနည်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

"နိုင်ငံခြားသားတွေရဲ့ အမြင်မှာ ခက်တယ်၊ ရှုပ်တယ် မြေတွေဘာတွေနဲက ပတ်သက်ပြီးတော့လည်း မရင်နှီးရဲသေးဘူး အဲဒါကိုတော့ ဖြေရှင်းနိုင်ဖို့လိုမယ်" ဟု ဒေါက်တာ အောင်သူရကဆိုသည်။

အလားတူ အခြေခံအဆောက်အအုံ မပြည့်စုံအတွက် ထုတ်လုပ်မှုကဏ္ဍဘက်တွင်လည်း ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားခြင်းမရှိကြောင်း၊ အခြေခံအဆောင်အအုံ ဟုဆိုရာတွင် လျှပ်စစ်မီးအပြည့်အဝမရခြင်း၊ လမ်းပန်းဆက်သွယ်ရေးမရှိခြင်း၊ ကျွမ်းကျင်ဝန်ထမ်းမရှိခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

"ကိုယ့်တိုင်းပြည်က ကျန်တဲ့ တခြားတိုင်းပြည်တွေနဲ့ကုန်ကျစရိတ်တွေ တူနေမယ် ဒါမှမဟုတ် ပိုနေမယ်ဆိုရင် ဘယ်သူမှဒီမှာလာပြီး ရင်းနှီးမှာမဟုတ်ဘူး" ဒေါက်တာအောင်သူရက ထောက်ပြပြောဆိုသည်။

စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စိန်ခေါ်မှုများစွာရှိကြောင်း၊ ဥပမာအာဖြင့် ရာသီဥတု၊ ပတ်ဝန်းကျင်နိုင်ငံများ၏ ထုတ်လုပ်မှု၊ အရည်အသွေးစသည့် အချက်များရှိနေကြောင်း၊ စိုက်ပျိုးကဏ္ဍကို Package အလိုက် ချဉ်းကပ်ရန် လိုကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်မှု အတားဆီးဖြစ်သည့် နံပတ်တစ်အချက်မှာ လျှပ်စစ်မီးဖြစ်နေပြီး လာဘ်စားမှု၊ မြေဈေးကြီးမှု၊ ကျွမ်းကျင်လုပ်သား ရှားပါခြင်းတို့ကလည်း အခက်အခဲ ဖြစ်နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းစိုး(ဘောဂဗေဒ) ကလည်း ထောက်ပြ ပြောဆိုသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ် မေလ ၈ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၃၁၅ သန်းကျော်အထိ ရရှိထားပြီး ယခင်ဘဏ္ဍာနှစ်ထက် ၁၁၆ သန်း ပိုမိုဝင်ငွေရရှိခဲ့သည်ဟု စီးပွားကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်
Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly