အမေရိကန်က ကမ္ဘာ့ရဲသားကြီး မလုပ်နိုင်လို့ ဆီးရီးယားကနေ တပ်ရုပ်သိမ်းတာလို့ ထရမ့် ကာကွယ်ပြော

အမေရိကန်က ကမ္ဘာ့ရဲသားကြီး မလုပ်နိုင်လို့ ဆီးရီးယားကနေ တပ်ရုပ်သိမ်းတာလို့ ထရမ့် ကာကွယ်ပြော
Photo: EPA

၀ါရှင်တန်၊ ဒီဇင်ဘာ ၂၇ ။     ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင််တွေကို ပြန်လည်ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့မှာ ထပ်မံအတည်ပြပြောပါတယ်။

ဆီးရီးယားကနေ ခုလို တပ်တွေ ရုပ်သိမ်းရတာဟာ အမေရိကန်အနေနဲ့ ကမ္ဘာ့ရဲသားကြီး မလုပ်နိုင်လို့ ဖြစ်ကြောင်း အီရတ်က အမေရိကန်တပ်ဖွဲ့ဝင်တွေဆီ အံ့အားသင့်ဖွယ် အလည်အပတ် ခရီးစဉ်ရောက်ရှိလာတဲ့ ထရမ့်က ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။

ပြည်ပအခြေစို်က် တပ်ဖွဲ့ဝင်တွေဆီ သမ္မတအဖြစ်နဲ့ ပထမဆုံး ရောက်ရှိလာတဲ့ ဒေါ်နယ်ထရမ့်ဟာ ဇနီးဖြစ်သူ မယ်လန်နီယာနဲ့အတူ အီရတ်အနောက်ပိုင်း အယ်လ်အက်ဆက်လေတပ်အခြေစိုက်စခန်းဆီ ဒေသစံတော်ချိန် ၇ နာရီ ၁၆ မိနစ်မှာ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

အိုင််အက်စ်အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ရေးအတွက်် နိုင်ငံတကာညွှန့်ပေါင်းတပ်မှာ တစ်စိတ်တစ်ပိုင်းပါဝင်မှုအဖြစ် အမေရိကန်စစ်သား ၂၀၀၀ နီးပါးကို ဆီးရီးယားမှာ တာဝန်ထမ်းစေထားတာ ဖြစ်ပါတယ်။

အီရတ်နဲ့ အိမ်နီးချင်းဖြစ်တဲ့ ဆီးရီးယားကနေ အဲဒီလို တပ်တွေ ပြန််လည်ရုပ်သိမ်းတာအတွက် သမ္မတ ထရမ့်ဟာ ခုခံကာကွယ်ပြောဆိုနေတာပဲ ဖြစ်ပါတယ်။

အိုင်အက်စ်အဖွဲ့ကို ဆက်လက်တိုက်ခိုက်ရေးမှာ မပါဝင်တော့ဘဲ အမေရိကန်ဗိုလ်ချုပ်ကြီးတွေကို တပ်တွေ ထပ်ပြီး ဖြန့်ကြက်တာမျိုး မလုပ်ခိုင်းတော့ကြောင်း၊ တပ်တွေ ပြန်ရုပ်သိမ်းဖို့သာ ဆောင်ရွက်တော့ဖို့့ ပြောထားကြောင်း ထရမ့်က သတင်းထောက်တွေကို အတည်ပြုပြောခဲ့ပါတယ်။

ထရမ့်ရဲ့ ခုလို ဆီးရီးယားကနေ တပ်တွေ ပြန်ရုပ်သိမ်းတာကြောင့် ဝေဖန်မှုတွေ ရှိနေပြီး ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဂျင်မက်တစ်ဟာလည်း ထရမ့်ရဲ့ တပ်ရုပ်သိမ်းကြောင်း ကြေညာပြီး နောက်တစ်နေ့မှာပဲ ရာထူးက နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly