ဆန်တာကလော့ကို ယုံနေတုန်းပဲလားလို့ ခုနစ်နှစ်သမီးလေးကို ထရမ့် မေးခွန်းထုတ်

ဆန်တာကလော့ကို ယုံနေတုန်းပဲလားလို့ ခုနစ်နှစ်သမီးလေးကို ထရမ့် မေးခွန်းထုတ်
Photo: AFP

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆ ။       ။ ခရစ္စမတ်အကြိုနေ့က ခုနစ်နှစ်သမီးလေးတစ်ဦးနဲ့ ဖုန်းပြောဆိုရာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆန်တာကလော့ တကယ်မရှိဘူးလို့ သူ့သံသယကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ကလေးတွေအနေနဲ့ ဆန်တာကလော့ ဘယ်မှာလဲဆိုပြီး ခရစ္စမတ်အကြိုနေ့မှာ အမေရိကန်ကာကွယ်ရေးအေဂျင်စီဖြစ်တဲ့ NORAD ထံဆီ ဖုန်းဆက်မေးကြပြီး သမ္မတဖြစ်သူက ကလေးတွေနဲ့ ဖုန်းပြောဆိုကာ ပြန်လည်ဖြေဆိုပေးတာဟာ အမေရိကန်မှာ ခရစ္စမတ်အကြိုနေ့ ဓလေ့ထုံးစံတစ်ခုဖြစ်ပါတယ်။

ဒီနှစ် ခရစ္စမတ်အကြိုမှာတော့ ထရမ့်က ဆန်တာကလော့ တကယ်မရှိကြောင်း သူ့သံသယကို ခုနစ်နှစ်သမီးလေးတစ်ဦးကို မေးခွန်းထုတ်ရင်း ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

“ဟယ်လို၊ သမီးလေးက ကိုလ်မန်းလား၊ မယ်ရီခရစ္စမတ်ပါ။ နေကောင်းရဲ့လား။ အသက်ကရော ဘယ်လောက်ရှိပြီလဲ။”လို့ ထရမ့်က ဖုန်းခေါ်ဆိုတဲ့ ကလေးမလေးကို မေးပါတယ်။

ဒီနောက်မှာတော့ “ဆန်တာကလော့ ရှိနေတဲ့လို့ သမီးက ယုံနေတုန်းပဲလား။ ခုနစ်ဆိုတာ သိတတ်နားလည်စအရွယ်ပဲ မဟုတ်လား။”ဆိုပြီး ထရမ့်က မေးခွန်းထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ဒီမေးခွန်းကိုတော့ ဆိုရှယ်မီဒီယာက ကောင်းစွာ မကြိုဆိုပါဘူး။

“ဆန်တာကလော့ ရှိတယ်ဆိုပြီး ယုံနေတာကို တတ်နိုင်သလောက် ထိန်းသိမ်းထားသင့်တယ်။ ဒါဟာ ကလေးဘဝ အပြစ်ကင်းစင်မှုကို ပြသတာပဲ။ ဆန်တာကလော့ကို မယုံတော့တာက အပြစ်ကင်းစင်မှု အဆုံးသတ်တာပဲ။ ဒါဟာ ဝမ်းနည်းဖွယ်ရာ၊ လွမ်းဖွယ်ရာကောင်းပါတယ်။ ဒါကို ထရမ့်အနေနဲ့ တာဝန်ခံ သိတတ်သင့်တယ်။”လို့ တွစ်တာသုံးစွဲသူတစ်ဦးက ရေးသားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly