သထုံနယ်ဖက်တွင် ကွမ်းစျေးများ အဆမတန် ထိုးကျနေ

သထုံနယ်ဖက်တွင် ကွမ်းစျေးများ အဆမတန် ထိုးကျနေ

သထုံ၊ ဒီဇင်ဘာ၊ ၂၆ ။       ။ မွန်ပြည်နယ်၊ သထုံမြို့နယ် ထွက်ကုန်ကွမ်းများ အဆမတန် စျေးထိုးကျနေကြောင်း ဒေသခံကွမ်းတောင်သူများထံမှ သိရသည်။

"မနှစ်က ဒီအချိန်ဆို ကွမ်းစျေးက ၁၀၀၀၀ လောက် ရှိခဲ့တယ်။ အခု ကွမ်းစျေးက ၂၀၀၀ အောက်တဲ့။ အခု ၂၆ ရက်နေ့ ပေါက်စျေးက ၁၂၀၀ တဲ့။ စျေးက အပြတ်အသတ်ကို ကွာသွားတော့ ကွမ်းခြံသမားတွေရော၊ ကွမ်းဒိုင် တွေရော အကုန်ကို လည်လိုက်ကုန်တာပေါ။ စျေးက ထပ်ကျဖို့တောင် ရှိသေးတယ်လို့ ပြောကြသေးတယ်"ဟု ဒေသထွက်ကွမ်းများကို ဖြန့်ချိနေသော ဒေါ်မငယ်ကွမ်းဒိုင်က ပြောသည်။

မိုးကာလတွင် သထုံနယ်ဘက်၌ ကွမ်းများ ခြံလုံးကျွတ် သေပျက်သည်အထိ အသေအပျက် များပြားခဲ့သဖြင့် ယခုနှစ်တွင် ကွမ်းစျေးကောင်းလိမ့်မည်ဟု ကွမ်းတောင်သူများက မျှော်လင့်ထားခဲ့ကြကြောင်း သိရသည်။

"မနှစ်ကလောက် စျေးရချင်မှရမှာပေါ့။ ဒါပေမယ့် ဒီနှစ်မှာ မိုးကတအားများတော့ ကွမ်းတွေက တအား အသေ ကြမ်းတယ်။ တချို့ဆို ခြံကျွတ်ကို သေတာ။ ဒါကြောင့် ကွမ်းစျေးက အလိုက်အထိုက်တော့ ရှိဦးမှာပါ"ဟု နောင်ဘို၊ ဘုရားဖြူပိုင်းနေ ကွမ်းတောင်သူ ဦးမောင်ဌေးက ပြောသည်။

တောင်သူများ၏ ဒေသအမြင်နှင့် နယ်ခြားဆက်ဆံနေရသော ကွမ်းဒိုင်များ၏အမြင်များမှာ ကွဲလွဲမှု ရှိနေသည် ကိုလည်း တွေ့ရှိရသည်။

"မိုးတွင်းတုန်းက ကွမ်တွေ အသေကြမ်းခဲ့တော့ ဒီနှစ် ကွမ်းတွေ ရှားမယ်။ စျေးကောင်းရမယ်လို့ ထင်ချင် ထင်ကြမှာပေါ့။ မဟုတ်ဘူးရှင့်။ ကွမ်းတွေ အသေကြမ်းခဲ့တယ်ဆိုပေမယ့် ၂၀၁၇ မှာ သထုံနယ်အတွက် ကွမ်းစျေးက အမြင့်ဆုံး စံချိန် ၁၂၀၀၀၊ ၁၃၀၀၀ အထိ ရခဲ့ကြတယ်လေ။ အဲဒီမှာ သူသူ၊ ငါငါ ကွမ်းတွေ လုစိုက်ကြကုန်ရော။ အဲ့မှာ အသေကွမ်းအတွက် ဖာထေးသွားတာပေါ့ ။ ကွမ်း အသေကြမ်းခဲ့ပေမယ် ဒေသ ထွက်ကွမ်းက မလျော့ဘူးရှင့်"ဟု သထုံဒေသထွက်ကွမ်းများကို ဝယ်ရောင်း ဖြန့်ချိသူ ဒေါ်မငယ်ကွမ်းဒိုင် က ပြောသည်။

သထုံဒေသထွွက်ကွမ်းများကို တောင်ကြီး၊ လွိုင်ကော်၊ မုံရွာ၊ မြဝတီ၊ ကျိုက်ထိုတို့ဘက်သို့ အဓိကအားပြု တင်ပို့လျက်ရှိရာ ကျိုက်ထိုကွမ်းများကို တရုတ်က မဝယ်တော့ခြင်း၊ ယခုနှစ်တွင် မုံရွာကွမ်းများ အသေအပျက် မရှိခြင်း၊ လွိုင်ကော်ဖက်ကလည်း သထုံကွမ်းများကို မယူဘဲ မုံရွာကွမ်းများကိုသာ ယူနေခြင်းတို့ကြောင့် စျေးကွက်နယ်ကျဉ်းသွားသော သထုံကွမ်းများ ၁ဝဝဝဝကျပ်မှ ကျပ် ၂ဝဝဝအောက်သို့ ထိုးကျသွားရခြင်း ဖြစ်ကြောင်း ဒေသခံကွမ်းဒိုင်များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly