ရှေးမြို့ဟောင်း လောင်းရှည်မြို့ နှစ် ၁၀၀၀ ပြည့်ပွဲတော်ဖွင့်ပွဲ ကျင်းပ

By ဇော်မျိုးသန့်
26 December 2018
ရှေးမြို့ဟောင်း လောင်းရှည်မြို့ နှစ် ၁၀၀၀ ပြည့်ပွဲတော်ဖွင့်ပွဲ ကျင်းပ

ဆော၊ ဒီဇင်ဘာ ၂၆ ။           ။ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ရှေးမြို့ဟောင်း လောင်းရှည်မြို့တည်နှစ် ၁၀၀၀ ပြည့် မုဒ်ဦးကျောက်စာတိုင်ဖွင့်ပွဲနှင့်ပွဲတော်ကို ဒီဇင်ဘာ ၂၆ ရက်၊(ကောဇာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် နေ့)တွင် လောင်းရှည်မြို့ဟောင်း စလင်းချောင်းကွင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ သယံဇာတသဘာဝပတ်ဝန်းကျင်နှင့်လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

ပွဲတော်ရက်ကို ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ၅ ရက်ကျင်းပသွားမည် ဖြစ်ပြီး တရားပွဲများ ၊ အားကစား ပွဲများ၊ သမိုင်းပြခန်းများ ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ၊ ဇာတ်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ နှစ် ၁၀၀၀ ပြည့် အထိမ်း အမှတ် ကျောက်စာတိုင်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

 “ ယခု ပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် ဆောမြို့နယ်၊ လောင်းရှည်ဒေသရှိ တိုင်းရင်းသားပြည်သူအားလုံးတို့က ဒီမိုကရေစီစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း” ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင်ဥ(ပ်)ပူးချင်းတိုင်းရင်းသားများ၊ တောင်သားလူမျိုးများ၊ ယောဒေသ လူငယ် မောင်မယ်များက  တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေကြခဲ့ကြကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly