ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ပေးရန် မြောက်ပိုင်းအဖွဲ့များ မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ပေးရန် မြောက်ပိုင်းအဖွဲ့များ မေတ္တာရပ်ခံ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။           ။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ ဆောင်ရွက်နေသည့် စစ်ရေးလှုပ်ရှားမှုများနှင့် စစ်ရေးဆိုင်ရာ စီမံချက်များကို ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံကြောင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC အဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

အစိုးရ၊  တပ်မတော် နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား Bilateral ခေါ် နှစ်ဘက်အပစ်ရပ် ဆွေးနွေးပွဲများ မကြာမီ ကျင်းပတော့မည်ဖြစ်ခြင်းကြောင့် ကောင်းမွန်သည့် အခြေအနေများကို ဖန်တီးနိုင်ရန် မေတ္တာရပ်ခံရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်ဘက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် တစ်စောင် ထုတ်ခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် စစ်မှန်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိသလို  AA အဖွဲ့အပေါ် အကြီးအကျယ် ထိုးစစ်ဆင်မှုများ လုပ်နေသည်ဟုလည်း FPNCC ဘက်မှ ဆိုသည်။

တပ်မတော်ဘက်မှ လေးလကျော်ကြာ စစ်ဆင်ရေး ရပ်ဆိုင်းပေးမည်ဟု ထုတ်ပြန်ထားသည့် စစ်တိုင်းများထဲတွင် ရခိုင်ပြည်နယ် (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) မပါဝင်ဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ ) များသာ ပါဝင်သည်။

ရက္ခိုင့်တပ် AA သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly