TNLA နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဟု တပ်မတော်ဘက်မှ ပြော

TNLA နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဟု တပ်မတော်ဘက်မှ ပြော
Photo-EPA

ဒီဇင်ဘာ ၂၅၊ ရန်ကုန် ။  ။ တအာင်းလွတ်မြောက်ရေးတပ်(TNLA) ၏ တိုက်ပွဲများ ဖြစ်ပွားသည်ဆိုသည့်ထုတ်ပြန်ချက်အပေါ် ဒီဇင်ဘာလ ၂၁ ရက်နောက်ပိုင်းမှ စတင်၍ တိုက်ပွဲဖြစ်ပွားမှု၊ ထိတွေ့မှုမရှိကြောင်း ဗိုလ်မှူးချုပ် ဇော်လင်းထွန်း (ဒုညွှန်မှူး ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓါတ်စစ်ဆင်ရေး)က မဇ္ဈိမသို့ ပြောသည်။

“ ၂၁ ရက် ကျွန်တော်တို့ ထုတ်ပြန်ကြေညာတော့ တိုင်းစစ်ဌာနချုပ် အသီးသီးကိုလည်း စစ်ရေးဆိုင်ရာတွေ မလှုပ်ရှားဖို့ သတင်းထုတ်ပြန်ချက် ကြေညာထားတယ်ပေါ့။ အဲဒီနောက်ပိုင်းမှာ တိုက်ပွဲဖြစ်တာတွေ ဘာတွေ မရှိပါဘူး။ တိုက်ပွဲဖြစ်ပွားမှု၊ ထိတွေ့မှု မရှိပါဘူး။ သူတို့ဖော်ပြတဲ့ ကွတ်ခိုင်မြို့နယ်၊ ရွှေမော်ကျေးရွာအနီး အဲဒီမှာ လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိပါဘူး” ဟု ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက ပြောသည်။

TNLA ၏ တပ်မဟာ ၅ နှင့် တပ်မတော်ဘက်မှ တပ်မ ၁၁၊ ခမရ ၂၁၉ တို့သည် ကွတ်ခိုင်မြို့နယ်၊ ရွှေမော်အုပ်စု၊ ရွှေမော်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဟု TNLA ဘက်မှ ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့်အပေါ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ အုပ်ချုပ်ရေးကိစ္စမှအပ စစ်ဆင်ရေးနဲ့ ပတ်သက်လာရင် ခုနကပြောသလို သူတို့ စခန်းတွေရှိတဲ့နေရာတို့၊ စစ်ဆင်ရေးသွားမလုပ်ဘူး။ ရှင်းလင်းတာတွေ မလုပ်ဘူးဆိုတာပါပဲ။ အုပ်ချုပ်မှုကိစ္စကတော့ ရှိမှာပေါ့။ အုပ်ချုပ်မှုကိစ္စဆိုတာကတော့ တပ်တွေ အချိန်းအပြောင်း လုပ်တာတို့၊ တပ်အချိန်းအပြောင်းလုပ်တာက အုပ်ချုပ်မှုကိစ္စနဲ့ ရိက္ခာလိုက်ပို့တာတို့၊ သင်တန်းတက်မဲ့ စစ်သည်တွေ သွားတာ၊ ပြန်တာ ဒါတွေတော့ ရှိမှာပေါ့။ ဒီလိုအုပ်ချုပ်မှုလမ်းကြောင်းကိစ္စတွေတော့ ရှိတယ်။ ကျန်တဲ့စစ်ဆင်ရေးလုပ်တာတွေ၊ သွားပြီး တိုက်ခိုက်တာတွေ ဒါတွေကို ရပ်ဆိုင်းထားတဲ့သဘောပါ ” ဟု ဗိုလ်မှူးချုပ် ဇော်လင်းထွန်းက ပြောသည်။

တပ်မတော်ဘက်မှ  ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် “စစ်တိုင်း (၅) ခုအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးပါမည်” ဟု ထုတ်ပြန်ချက် ထုတ်ပြန်ထားပြီး ၃ ရက်အကြာ TNLA ဘက်မှ ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ ) များရှိအပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီ ညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်သည်ဟုလည်း တပ်မတော်၏ ဒီဇင်ဘာ ၂၁ ရက်နေ့ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တပ်မတော်ဘက်မှ စစ်ဆင်ရေးရပ်ဆိုင်းပေးမည့် နယ်မြေများတွင် KIA ၊ TNLA ၊ MNDAA ၊ AA စသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ လှုပ်ရှားနေသည့် နေရာများလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly