အပစ်ရပ်ကြေညာပြီး ၃ရက်အကြာတွင် တပ်မတော်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွား

အပစ်ရပ်ကြေညာပြီး ၃ရက်အကြာတွင် တပ်မတော်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွား
ဓာတ်ပုံ - TNLA

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ။          ။ ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် တပ်မတော်ဘက်မှ စစ်ဌာနချုပ် ၅ ခုတွင် စစ်ဆင်ရေးများအား ယာယီ ရပ်ဆိုင်းမည်ဟု ကြေညာခဲ့ပြီးနောက် ၃ ရက်အကြာတွင် တပ်မတော်နှင့် တအာင်းပလောင်အဖွဲ့ (TNLA) တို့တိုက်ပွဲများပြန်ဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။

 တအာင်းပလောင်အဖွဲ (TNLA) ၏ တပ်မဟာ ၅ နှင့် တပ်မတော်ဘက်မှ တပ်မ ၁၁၊ ခမရ ၂၁၉ တို့သည် ကွတ်ခိုင်မြို့နယ်၊ ရွှေမော်အုပ်စု၊ ရွှေမော်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဟု TNLA ဘက်မှထုတ်ပြန်သည်။

 တိုက်ပွဲဖြစ်ပွားရခြင်းမှာ တအာင်းပလောင်အဖွဲ့ TNLA တည်ရှိရာ တပ်စခန်းနေရာသို့ တပ်မတော်ဘက်မှ ထိုးစစ်ဆင်လှုပ်ရှားလာသောကြောင့် အဆိုပါထုတ်ပြန်ချက်တွင်ရေးသားထားသည်။

သို့သော် တပ်မတော်ဘက်မှ အဆိုပါတိုက်ပွဲနှင့်ပက်သက်၍ သတင်းရေးသားချိန် ဒီဇင်ဘာ ၂၄ ညနေပိုင်းထိ တစ်စုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။

တပ်မတော်ဘက်မှ  ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် “စစ်တိုင်း (၅) ခုအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးပါမည်” ဟု ထုတ်ပြန်ချက်ထုတ်ပြန်ပြီး (၃)ရက်မြောက်နေ့ တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ စစ်ဆင်ရေးများရပ်ဆိုင်းပေးခြင်းသည် “ထာဝရငြိမ်းချမ်းရေးကိုရှေးရှုလျက် ဒေသခံတိုင်းရင်းသားများ၏ ဘေးဒုက္ခကိုစာနာပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာချက်အား နှစ်သစ်ကူးလက်ဆောင်အဖြစ် ထုတ်ပြန် ခဲ့ခြင်း” ဖြစ်ကြောင်း Catholic Yangon Youth လူမျိုးပေါင်းစုံမှလူငယ်များအဖွဲ့မှ လာရောက်၍ ခရစ်စမတ် ဓမ္မတေးသီချင်းများသီဆိုဖျော်ဖြေသည့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ ) များရှိအပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်သည်ဟုလည်း တပ်မတော်၏ ဒီဇင်ဘာ ၂၁ ရက်နေ့ထုတ်ပြန်ချက် တွင် ရေးသားထားခြင်းဖြစ်သည်။

“ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကိုရပ်ဆိုင်းပေးပါမည်” ဟုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကထုတ်ပြန်ခဲ့သည်။

တပ်မတော်ဘက်မှ စစ်ဆင်ရေးရပ်ဆိုင်းပေးမည့် နယ်မြေများတွင် KIA ၊ TNLA ၊ MNDAA ၊ AA စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များလှုပ်ရှားနေသည့် နေရာများလည်း ဖြစ်သည်။

သို့သော် သဘောတူစာချုပ်များအတိုင်း ကတိတည်ရန် ၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ် မထုတ်ရန် ၊ ဒေသခံပြည်သူ များအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် ၊ နိုင်ငံတော်ကထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေများကိုလိုက်နာရန် ဆိုသည့်အချက်များကို လိုက်နာရမည်ဟုလည်းတပ်မတော်ကသတိပေးထားသည်။

 တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရန် ဆုံးဖြတ်ထားခြင်း ကြောင့် သတ်မှတ်လုပ်ငန်းစဉ်များ အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားကြရမည် ဟုလည်း တပ်ချုပ်ကပြောဆိုထားဖူးသည်။

မဇ္ဈိမ အနေဖြင့် TNLA ဘက်မှ ထုတ်ပြန်သော အခြေပြု သတင်းတစ်ရပ်ကို ကနဦး ဖော်ပြခဲ့ခြင်း ဖြစ်ပြီး တပ်မတော်ဘက်မှ သတင်းအခြေနေများကို ထပ်မံ ဖော်ပြသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly