ထီတစ်စောင်လျှင် ကျပ် သုံးထောင်ဖြင့် ရောင်းချနေသူကို အမှုဖွင့်

ထီတစ်စောင်လျှင် ကျပ် သုံးထောင်ဖြင့် ရောင်းချနေသူကို အမှုဖွင့်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကျွန်းစု၊ ဒီဇင်ဘာ (၂၄) ။           ။ ကျွန်းစုမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အမြန်ရေယာဉ်ဆိပ်ကမ်းအနီးတွင် အောင်ဘာလေထီလက်မှတ်များအား စျေးပိုရောင်းနေ၍ မြို့ခံများမှ တိုင်ကြားချက်အရ အမျိုးသား ၁ ဦးကို လိမ်လည်မှုဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ကျွန်စုရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့ ကျွန်းစုမှာ မနေ့ကပေါ့၊ အမျိုးသား တစ်ယောက်က ရွာတွေမှာ အောင်ဘာလေ ထီ ၁ စောင်ကို ၃၀၀၀ နဲ့ လိုက်ရောင်းနေတာ ဖြစ်တယ်။ ၁၀ စောင်တွဲ တစ်တွဲ ကျပ်ငွေ ၃၀၀၀၀ နဲ့လိုက်ရောင်း နေတယ် ဆိုပြီး၊ မြို့ခံတွေက လာရောက်တိုင်ကြားတာပါ။ ကျွန်တော်တို့ သွားစစ်တော့ အမှန်တကယ်ပဲ ရောင်းနေတာကို စစ်ဆေးတွေ့ရှိလို့ ပုဒ်မ ၄၂၀ ဖြင့် အရေးယူထားတယ်” ဟု ကျွန်းစုမြို့နယ်မှ စခန်းမှူး ဒုရဲမှူး ညွန့်ဝင်းက ပြောကြား သည်။

အဆိုပါ အောင်ဘာလေထီလက်မှတ်များအား စျေးပိုရောင်းချသော   ဦးမျိုးမင်းနိုင် (ဘ) ဦးမျိုးအေးအား ကျွန်းစုမြို့နယ် ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထီလက်မှတ်များကို သတ်မှတ်ထားသည့် စျေးနှုန်းဖြင့် ရောင်းချခြင်း မပြုဘဲ စျေးတင်ရောင်းချသည့် ကိုယ်စား လှယ် ၃၈၀ ဦးကို ထီလက်မှတ်ဝယ်ယူခွင့် ပိတ်ပင်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားထားဖူးသည်။

ဒီဇင်ဘာ ၁ဝရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်း၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် အခွန်ကောက်ခံရရှိမှုအခြေအနေ အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ပြီး ၄င်းအချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ရှင်းလင်းရာတွင် ထိုကဲ့သို့ ပြောကြားခြဲ့ခင်းဖြစ်သည်။

အစိုးရမှ အောင်ဘာလေထီကို ၁၉၃၈ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး တစ်စောင်လျှင်  ၂ ကျပ်နှုန်းဖြင့် စတင်ရောင်းချခဲ့သည်။ လက်ရှိတွင် ကျပ်သိန်းတစ်သောင်းဆုမဲ အတွက် အိတ်ဖြင့်ထည့်ထားသည့် ထီလက်မှတ်တစ်စောင်လျှင် ငွေကျပ် ၆၀၀ ပေးချေရပြီး၊ အလွတ်တစ်စောင်လျှင် ငွေကျပ် ၅၀၀ နှုန်း ပေးဝယ်ယူနေရကြောင်း ထီစျေးကွက်အတွင်းမှ သိရသည်။

ထိုသို့ အရေးယူနေသော်လည်း ထီထွက်ရက်နီးသော လကုန်ရက်များတွင် ထီ တစ်စောင်လျှင် ကျပ် ၇၀၀ အထိ ရောင်းချနေမှုများ ရှိနေသည်ဟု ထီထိုးသူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly