အတ္တလန်တာယူနိုက်တက် နည်းပြသစ်အဖြစ် ဖရန့်ဒီဘိုးဝါး ခန့်အပ်ခံရ

အတ္တလန်တာယူနိုက်တက် နည်းပြသစ်အဖြစ် ဖရန့်ဒီဘိုးဝါး ခန့်အပ်ခံရ
Photo: EPA

ဒတ်ချ်လူမျိုးနည်းပြ ဖရန့်ဒီဘိုးဝါးဟာ အမေရိကန် မေဂျာလိဂ်ချန်ပီယံ အတ္တလန်တာယူနိုက်တက်ရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရကြောင်း ဂျော်ဂျီယာကလပ်က ထုတ်ပြန်ကြေညာချက်တစ်စောင်ဖြင့် အတည်ပြုခဲ့ပါတယ်။

ဒီဘိုးဝါးဟာ မေဂျာလိဂ်ဖလား ရယူပေးခဲ့တဲ့ ဂျီရာဒါ တာတာ မာတီနိုရဲ့ နည်းပြရာထူးနေရာကို ဆက်ခံသွားမှာဖြစ်ပါတယ်။ 

အရင် ကစားသမားအနေနဲ့ အေဂျက်၊ ဘာစီလိုနာ၊ ဒတ်ချ်လက်ရွေးစင်အသင်းတွေနဲ့ ကစားခဲ့ပြီး အီတလီရဲ့ အင်တာမီလန်၊ ဗြိတိန်ရဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတွေကိုလည်း နည်းပြခဲ့ဖူးသူ ဒီဘိုးဝါးကို နှစ်ရှည်စာချုပ်တစ်ရပ်ဖြင့် သဘောတူညီခဲ့ပြီး အသင်းရဲ့ သမိုင်းကြောင်းတစ်လျှောက် ဒုတိယမြောက်နည်းပြဖြစ်လာကြောင်း အတ္တလန်တာအသင်းက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“မေဂျာလိဂ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာနဲ့ ဒီ့ပြင်နေရာတွေအတွက် လက်ရှိ အောင်မြင်နေတဲ့ အပေါ်မှာ တိုးတက်လာဖို့ ခိုင်မာတဲ့ အုတ်မြစ်ဖြစ်လာအောင် ကျနော် တည်ဆောက်သွားလိုပါတယ်။”လို့ ဒီဘိုးဝါးက သူ့ရဲ့ ကြေညာချက်မှာ ပြောပါတယ်။

အသက် ၄၈ နှစ်ရှိ ဒီဘိုးဝါးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၇၇ ရက်ကြာ ၅ ပွဲသာ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် စက်တင်ဘာမှာ အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ အသင်းလက်မဲ့ဖြစ်နေသူပါ။

ဒီဘိုးဝါးဟာ အေဂျက်အသင်း နည်းပြအဖြစ် အောင်မြင်မှုအနေနဲ့ ဒတ်ချ်အမှတ်ပေးချန်ပီယံကို ၄ ရာသီဆက် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အထိ ဆွတ်ခူးခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly