စိတ်ကြွဆေးပြား ၉ဝ ဖမ်းမိရာမှတဆင့် ဆေးပြား ၃ သောင်းထိထပ်မံဖမ်းဆီးရမိ

စိတ်ကြွဆေးပြား ၉ဝ ဖမ်းမိရာမှတဆင့် ဆေးပြား ၃ သောင်းထိထပ်မံဖမ်းဆီးရမိ
ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဒီဇင်ဘာလ ၂၂ ။           ။ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉ဝ ကို ဖမ်းမိရာမှတဆင့် စစ်ဆေးပေါ်ပေါက်ချက်အရ ထပ်မံပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ,ဝဝဝ အား ဖမ်းဆီး ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးမှာ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ သရဖီလမ်းနေ အသက် ၃၇ နှစ်အရွယ် သန်းစိုးဆိုသူနှင့် ရွှေဇင်ယော်ရပ်ကွက်၊ သပြေလမ်းနေ အသက် ၅၃ နှစ်အရွယ် တင်စိုး (ခ)ကိုစိုးတို့ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၁ ရက်၊ ည ၈ နာရီတွင် ကော့သောင်းမြို့နယ် မူးယစ်တပ်ဖွဲ့စု(၃၄)တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့မှ သန်းစိုး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ဝ ပြား သိမ်းဆည်းရမိ ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ည ၈ နာရီခွဲအချိန်တွင် တင်စိုး(ခ)ကိုစိုး၏နေအိမ်အား သွားရောက်ရှာဖွေ ခဲ့ရာမှ နေအိမ်အောက်ထပ်ရှိဗီရိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ,ဝဝဝ ပြားကို ထပ်မံသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သန်းစိုးဆိုသူနှင့် တင်စိုး(ခ)ကိုစိုး တို့အား သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly