ဖိနှိပ်မည့်အုပ်ချုပ်ရေးစနစ်တစ်ခု ပြန်မပေါ်ရေးအတွက် ဒူးထောက်အညံ့ခံမည်မဟုတ်ဟု ရန်ကုန် ဝန်ကြီးချုပ်ပြော

ဖိနှိပ်မည့်အုပ်ချုပ်ရေးစနစ်တစ်ခု ပြန်မပေါ်ရေးအတွက် ဒူးထောက်အညံ့ခံမည်မဟုတ်ဟု ရန်ကုန် ဝန်ကြီးချုပ်ပြော
ဓာတ်ပုံ-EPA

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။              ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အာဏာရှင်စနစ်နှင့် ဖိနှိပ်မည့် အုပ်ချုပ်ရေးစနစ်တစ်ခု ပြန်မပေါ်ပေါက်ရေးအတွက် ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လှုပ်ရှားခဲ့သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သူ ဦးကြည်မောင်၏ နှစ်(၁ဝဝ)ပြည့်အထိမ်းအမှတ်ပွဲတွင် အမှတ်တရစကားပြောရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျောင်းသားခေါင်းဆောင်တွေဟာ တပ်မတော်ထဲကိုရောက်တဲ့အချိန်မှာ တပ်မတော်ကို ပြည်သူတွေကချစ်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ချစ်ခင်မှုက ကျွန်တော်တို့ ငယ်ဘဝတုန်းက အခုကျွန်တော်တို့ တော်လှန်ရေး ပန်းခြံ( တပ်မတော်ပန်းခြံ)မှာလုပ်တဲ့ တော်လှန်ရေးနေ့ဆိုရင် ပြည်သူတွေ တခဲနက်ထောက်ခံအားပေးမှုတွေကို ကျွန်တော်တို့ ငယ်ဘဝမှာ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့အားလုံး ပြန်လည်သင့်မြတ်ဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ ကာလဖြစ်ပါတယ်။ ဒီအခြေနေမှာ အမြင်ကွဲပြားမှုတွေရှိနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာရှင်စနစ်နဲ့ တကယ့်ကိုဖိနှိပ်မယ့် အုပ်ချုပ်ရေးစနစ်တစ်ခု ပြန်မပေါ်ရေးအတွက် ဘယ်တော့မှ ဒူးထောက်အညံ့ခံမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

လက်ရှိကာလမှာ ဒီမိုကရေစီပန်းတိုင်အား ရောက်ရှိရန်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်များအတွက် ရုန်းကန်နေရဆဲကာလဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြား ခဲ့သည်။

“ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီပန်းတိုင်ကြီးကို ရောက်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ကာလမှာ ဆောင်ရွက်ရတဲ့ အခက်အခဲအမျိုးမျိုးကို ပြည်သူလူထုရဲ့ စုပေါင်းစွမ်းအားနဲ့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ နှစ် ၁ဝဝ ပြည့်ခဲ့ပြီဖြစ်တဲ့ ဘဘဦးကြည်မောင်လို လူတွေသေခဲ့ပေမယ့်လည်း လူတွေရဲ့ရင်ထဲ၊ အားလုံးရဲ့ နှလုံးသားထဲမှာရှိနေတဲ့ နိုင်ငံရေးသမားတွေအဖြစ် စံနမူနာပြုပြီး ဘဘ ဦးကြည်မောင်လို အမှန်တရားဘက်က ရပ်တည်လိုတဲ့စိတ်တွေနဲ့ ကြိုးပမ်းဆောင်ရွက်မှုကို အခုချိန်မှာဆောင်ရွက်ကြဖို့လိုအပ်တယ်လို့ ကျွန်တော်အနေနဲ့ ယူဆမိပါတယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါ ဦးကြည်မောင်၏ နှစ် (၁ဝဝ)ပြည့် အထိမ်းအမှတ်ပွဲတွင်ပြောကြားခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly