ငြိမ်းချမ်းရေးပန်းတိုင်အထိ ယုံကြည်မှုအပြည့်နှင့်လျှောက်လှမ်းသွားမည်ဟု DKBA စစ်ဦးစီးချုပ် ဆို

ငြိမ်းချမ်းရေးပန်းတိုင်အထိ ယုံကြည်မှုအပြည့်နှင့်လျှောက်လှမ်းသွားမည်ဟု DKBA စစ်ဦးစီးချုပ် ဆို
ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး။ ဓာတ်ပုံ - သူရ/မဇ္စျိမ

ဒီဇင်ဘာလ ၂၂ ရက်၊ မြဝတီ ။      ။ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေးပန်းတိုင်အထိ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ပြောကြားသည်။

''DKBA ရဲ့ လွန်လေပြီးသော ကာလများက အခက်အခဲများကို ဖြတ်သန်းကျော်လွှားနိုင်သလို နောင်လာမယ့် ကာလမှာလည်း အာင်မြင်စွာဖြတ်သန်း ကျော်လွှားနိုင်ပြီး လိုလားတဲ့ငြိမ်းချမ်းရေးပန်းတိုင်အထိ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းသွားနိုင်မယ်ဆိုတာ ဒီနေရာက ပြောကြားလိုပါတယ်။ အခုဆို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်နေတယ်ဆိုပြီး ဝေဖန်ပြောနေတာတွေကြားရပါတယ်။ တစ်ကယ်တော့ မဟုတ်ပါဘူး။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဆက်သွားနေတာပါ ။အဖွဲ့အစည်းအားလုံးမှာလည်း ဒီလုပ်ငန်းစဉ်ကြီးဆက်သွားဖို ့အောင်မြင်အောင်ဆောင်ရွက်မယ်ဆိုတဲ့ဆန္ဒတွေ ရှိပါတယ်''ဟု ၎င်းကပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ၊ D.K.B.K ဌာနချုပ်တည်ရှိရာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ပြုလုပ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်( D.K.B.A) ၏ ၂၄ နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်ကြီးစောမိုရှေးက အဖွင့်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားကို ကော်သူမွဲခီး ဆုံပေါင်းမြိုင်ကွင်းတွင် စတင်ခဲ့ပြီး DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောမိုးရှေး၊ ဒုတိယစစ်ဦးချုပ် စောစတီး၊ အမှတ် (၁) စစ်ကွပ်ကဲရေးမှူဗိုလ်ချုပ် စောစိန်မြင့်၊ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ အငြိမ်းစားပြည်ထောင်စုဝန်ကြီးဦးအောင်မင်းတို့ တက်ရောက်ခဲ့ကြသည်။ 

ထိုအခမ်းအနားတွင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက "ဆိုရိုးစကားတစ်ခု ရှိတယ်။ စစ်ရေးဆိုတာ သွေးထွက်တဲ့ နိုင်ငံရေး။ ကရင့်တပ်မတော်က စစ်သားတစ်ဦးပဲ ကျကျ၊ မြန်မာ့တပ်မတော်က စစ်သားတစ်ဦးပဲ ကျကျ ဒါဟာ နိုင်ငံသားတွေ ဆုံးရှုံးနေတာဆိုတဲ့ အသိ ကျွန်တော်တို့ရင်ထဲမှာ ခိုင်မာလာပြီဆိုရင် ငြိမ်းချမ်းရေးအတွက် သံဓိဋ္ဌာန်လည်း ပိုပိုပြီးတော့ ခိုင်မာလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် သွေးထွက်တဲ့ နိုင်ငံရေးအစား သွေးမထွက်တဲ့နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတွေနဲ့ ချဉ်းကပ်ကြဖို့ အဖြေရှာကြဖို့  အမှတ်တရစကား ပြောကြားလိုပါတယ်" ဟု တက်ရောက် ပြောခဲ့သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ၁၀၂၂မှတပ်နယ်မှုး ဗိုလ်မှုးစောမုတ်သုန်က''ကျွန်တော်တို႔ ကရင်ပြည်နယ်ဟာ တစ်ချိန်က ယမ်းငွေ့တွေဝေနေတဲ့ပြည်နယ် တစ်ခုဖြစ်သလို ပြည်သူလူထုရဲ့ဘဝတွေဟာလည်း ပြေးလွှားခဲ့ရပါတယ် ။ အခုဆိုကျွန်တော်တို ့ပြည်နယ်ဟာ အေးချမ်းနေပါပြီ ။ ဒီအခြေအနေကို အောက်ခြေမှာရှိတဲ့ တပ်မှူး၊ တပ်သား အားလုံးက ထိန်းသိမ်းဖို ့လိုပါတယ်။  သေနတ်သံပြန်မထွက်ဖို ့အားလုံးဆောင်ရွက်ကြဖို ့တိုက်တွန်းချင်ပါတယ်''ဟု  ပြောသည်။

DKBA သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ ငြိမ်းချမး်ရေးလုပ်ငန်းစဉ်များတွင်ပါဝင်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly