အုတ်ဖုတ်လုပ်ငန်း စရိတ်စကကြီးမြင့်လာသော်လည်း အုတ်စျေးမှာ ပုံမှန်သာရှိ

အုတ်ဖုတ်လုပ်ငန်း စရိတ်စကကြီးမြင့်လာသော်လည်း အုတ်စျေးမှာ ပုံမှန်သာရှိ
သထုံရှိ အုတ်ဖုတ်လုပ်ငန်းခွင်တစ်ခုအား ဒီဇင်ဘာလ ၂၁ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-စောပဏ်

သထုံ၊ ဒီဇင်ဘာ၊ ၂၂။        ။ မွန်ပြည်နယ်၊ သထုံမြိုနယ်၏ သထုံမြို့မြောက်ဘက်ခြမ်းရှိ အုတ်ဖုတ်လုပ်ငန်းမျာသည် ယမန်နှစ်ထက် ကုန်ကျမှု စရိတ်စက ကြီးမြင့်လာသော်လည်း အုတ်ဈေးမှာ ပုံမှန်သာရှိကြောင်း အုတ်လုပ်ငန်းရှင်များထံမှ သိရသည်။

" မနှစ်က သိန်းဖို တစ်ဖို (အုတ်လုံးရေ တစ်သိန်းဝင်ဖို)မှာ  ထင်းဖိုး ၁၈သိန်း သိန်း ၂ဝလောက် ကုန်တယ်။ ဒီနှစ်တော့ သိန်းအစိတ်လောက်ထိ ကုန်လာတယ်။ အလုပ်သမားခက မနှစ်က သိန်းဖိုတစ်ဖိုမှာ သိန်း ၂ဝလောက် ကုန်တယ်။ ဒီနှစ်ကျတော့ သိန်း ၂၅ လောက် ပေးလာရတယ်။ ဆီက မနှစ်က ၁ ပေပါကို ၁ သိန်း ၇ သောင်း၊ ၁ သိန်း ၈ သောင်း၊ ဒီနှစ် ၂ သိန်း ၉ ထောင်အထိ ဈေးတက်သွားတယ်။ အခု ဈေးနည်းနည်းကျလာတယ်တော့ ပြောတယ်။ မနှစ်ကနဲ့စာရင် စရိတ်စကတွေက အားလုံးကြီးလာတာပဲလေ။  အုတ်ကပဲ အရောင်းပါးနေတာ။ မနှစ်ကဈေးအတိုင်း တစ်လုံး ၅၅ ကျပ်နဲ့ ပါပဲ"ဟု သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိပ်ဆိပ်ရပ်ကွက်နေ A-1 အုတ်လုပ်ငန်းရှင် ဦးကြည်ခိုင်က ပြောသည်။

သိန်းဖိုတစ်ဖိုလျှင် ယမန်နှစ်ထက် ၁ဝသိန်း ၁၂ သိန်းခန့် စရိတ်စက ကြီးမြင့်လာသော်လည်း အုတ်ဈေးမှာ ယမန်နှစ်အတိုင်း ပုံမှန်ရှိနေသည့်အတွက် သုံးစွဲသူများဘက်မှ အဆင်ပြေကြောင်း သိရသည်။ 

"မနှစ်က မိုးလှောင်(နှစ်လွန်မိုးရေခံ)အုတ် ၁လုံးကို ၈၀၊ နွေပေါ်အုတ်သစ်က ၅၅ကျပ်၊ ဒီနှစ်လည်း ဒီဈေးပါပဲ။ တစ်နယ်နဲ့ တစ်နယ် အုတ်အကြီးအသေးက ကွာတော့ ဈေးလည်းကွာတာပေါ့။ ကျွန်တော်တို့ဆီက အုတ်ကကြီးတော့ ဒီဈေးပေးရတယ်။ အုတ်ဈေးနဲ့တော့ ဈေးကြီးလာတယ်လို့ ညည်းတာမကြားရပါဘူး။ ကြာရတာက တခြားကုန်ဈေးနှုန်းတွေပဲ"ဟု ရွာကြားကျေးရွာနေ ပန်းရံဆရာ ဦးစန်းပွင့်ကပြောသည်။

အုတ်လုပ်ငန်းရှင်များသည် စရိတ်စကကြီးမြင့်ခြင်း၊ အလုပ်သမားများ ရှားပါးလာခြင်း၊ လုပ်ခစရန်ငွေများ အလိမ်ခံရခြင်းစသည့် အခက်အခဲများကို အားလုံးပင်ရင်ဆိုင်နေကြရင်း မိမိတို့၏လုပ်ငန်းကို လည်ပတ်နေကြရသည် ဟု နောင်ဘိုဘူတာပိုင်းနေ အုတ်လုပ်ငန်ရှင်း ဒေါ်ခင်ဝင်းထံမှ သိရသည်။

အဆိုပါ ၎င်းတို့၏ အုတ်များကို ဒေသတွင်းနှင့် အလံတရာ၊ ပေါ်တော်မူ ၊ ဇရစ်ချောင်၊ လေးကေ ၊ ဝီယော်၊ ဘီးလင်းနှင့် ကျိုက်ထိုတို့သို့ တင်ပို့ရာ ယခုနှစ်မှာ ကျိုက်ထိုဘက် ရောင်းရအားကို အဓိကအားပြုနေရသည်ဟု ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly