စည်ပင်သာယာရေးကဏ္ဍ၏ အားနည်းချက်များအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ဆန္ဒထုတ်ဖော်

စည်ပင်သာယာရေးကဏ္ဍ၏ အားနည်းချက်များအပေါ် အရပ်ဘက်အဖွဲ့အစည်းများ ဆန္ဒထုတ်ဖော်

မုံရွာ၊ဒီဇင်ဘာ ၂၁ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဒီဇင်ဘာ၂၁နေ့၌ စစ်ကိုင်းဒေသကြီး စည်ပင်သာယာရေးကဏ္ဍများ၏ စီမံခန့်ခွဲမှုအားနည်းချက်များကို မုံရွာမြို့ရှိအရပ်ဘက်အဖွဲ့အစည်းများက ဦးဆောင်ကာ စုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် စည်ပင်ကဏ္ဍ စီမံခန့်ခွဲမှုအလွဲများ ပြုပြင်ပြောင်းလဲရေး၊ စည်ပင်ဘတ်ဂျက် ပွင့်လင်း မြင်သာရေး၊ အဂတိမကင်းသော တာဝန်ရှိသူများ အရေးယူပေးရေး၊စည်ပင်ကဏ္ဍ စီမံခန့်ခွဲသော တာဝန် ရှိသူများ အလိုမရှိသည့်အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

" စစ်ကိုင်းဒေသကြီး စည်ပင်သာရာရေး ကဏ္ဍတွေရဲ့ စီမံခန့်ခွဲမှုအလွဲတွေ၊အားနည်းချက်တွေ၊ ညံဖျင်းမှုတွေကို ပြည်သူလူထုတွေ သိရှိစေဖို့ ဆန္ဒထုတ်ဖော်တာပါ။ သူတို့ရဲ့အမှားကို သူတို့သိပြီး ပြုပြင်ပြောင်းလဲ လာမယ် ဆိုရင်တော့ အမြန်ဆုံးပြုပြင်ပြောင်းလဲနိုင်မယ်လို့ ရည်ရွယ်ထားတယ်" ဟု မုံရွာမြို့အရပ်ဘက်အဖွဲ့အစည်းမှ ကိုနေဦးမှ ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် မုံရွာ၊ကန့်ဘလူ၊ကောလင်း၊ပင်လည်ဘူး၊ယင်မာပင်မှ အရပ်ဘက်အဖွဲ့အစည်း လူအင်အား (၃၀၀)နီးပါးဖြင့် မြို့တော်ခန်းမရှေ့စတင်၍ ဘူတာလမ်း၊ ကျောက္ကာလမ်း၊ မိတ်ဆက်စျေး၊ တိုင်းစည်ပင်ရုံး အရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

" ဒီမိုကရေစီပြုပြင်ပြောင်းလည်ရေးမှာ စည်ပင်သာယာရေး ကဏ္ဍဆိုတာ လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့ဌာန တစ်ခုဖြစ်တယ်။ အဲ့ဒီဌာနရဲ့ ပြုပြင်ပြောင်းလည်းမှုတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အများကြီး အထောက်ကူပြုနိုင်တယ် အဲ့ဒီဌာနက စီမံခန့်ခွဲမှုတွေ အားနည်းနေမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေ တဲ့ အခုအစိုးရကို ပြည်သူဘက်က အထင်အမြင်လွဲနိုင်တယ်။ အဲ့ဒါကြောင့် တည့်မတ်ပေးတဲ့ အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေစုပေါင်းပြီး ဆန္ဒထုတ်ဖော်ရတာ" ဟု ဆန္ဒထုတ်ဖော်သူ မုံရွာ အရပ်ဘက်အဖွဲ့မှ ကိုကျော်မိုးလှိူင်မှ ပြောသည်။

စည်ပင်ဌာနအနေဖြင့် မြို့ပြဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် လမ်း၊ ရေမြောင်း၊ လမ်း ဓာတ်မီး တိုင် စနစ်များစသည့် ကောင်းမွန်စွာ လုပ်ဆောင်ရမည့်နေရာများတွင် မလုပ်ဆောင်ဘဲ မလိုလားအပ်သည့် နေရာများတွင်် လုပ်ဆောင်နေကြောင်း ဆန္ဒထုတ်ဖော်သူများ ဆိုသည်။

" ပြည်သူရဲ့အသံကိုအမြဲနားထောင်နေမှပဲ။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို သိမှာပါ။ကျွန်တော်တို့ လုပ်ဆောင် နေပေမယ့် မပြည့်စုံနိုင်ပါဘူး။ အခုလ်ို စည်ပင်ကို ဆန္ဒထုတ်ဖော်တာ ကောင်းပါတယ်။ ကျွန်တော်တို့ ပြုပြင် သင့်တဲ့ အချက်တွေကို ပြုပြင်လို့ရတယ်။ ပြီးတော့ ဌာနက ဝန်ထမ်းတွေကိုလည်း တစ်ခါတည်း ထိန်းကျောင်း ပြီးသားရတာပေါ့" ဟု တိုင်းစည်ပင်မှ ညွန်ကြားရေးမှူး သစ်ထူးမြင့်မှ ပြောသည်။

NLD အစိုးရလက်ထက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စည်ပင်ဌာနအား ဆန္ဒထုတ်ဖော်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။
    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly