အထူးဆောင်ရန် ဦးမောင်မှန်

အထူးဆောင်ရန် ဦးမောင်မှန်

စကားချီး ။    ။ စကားချီး ဟူမူ၍ ပြောင်းပြန်ကောက်ကာ ချီးစကားဟုလည်း မယူကြကုန် လင့်၊ အကြောင်းအချင်းရာ တစ်ခုခုကို မပြောဆို၊ မရေးသားမီ တင်ကူးဦးစွာ ပြောအပ်ရေးအပ်သော အချီးနိဒါန်း မိတ်ဆက်စကားဟု ဆိုလိုခြင်းတည်း။ ယခုအချိန်သည် ရွေးကောက်ပွဲကြီး နီးလာပြီ ဖြစ် သဖြင့် လွှတ်တော် ကိုယ်စားလှယ်တော်လောင်းများ အပြိုင်အဆိုင် ဟောပြော မဲဆွယ်ပွဲများ ကျင်းပကာ တစ်ပါတီနှင့် တစ်ပါတီ၊ တစ်ဦးနှင့်တစ်ဦး အနိုင်နွဲှနေကြသည့် အချိန်လည်း ဖြစ်ပေသည်။

ဒီမိုကရေစီသို့ သွားရာလမ်းတည်းဟူသည့် ရွေးကောက်ပွဲများကို ပါဝင်ဆင်နွှဲရန် ရှေးဦးမဆွက ပင် ကျွနု်ပ်မောင်မှန် ဆန္ဒရှိခဲ့သည်မှာ အမှန်ဖြစ်၏။ (မောင်မှန်သမ္မတ ဖြစ်ချင်တယ် ဆောင်းပါးကို ရှုပါ) သို့သော်ငြားလည်း ကျွနု်ပ် မောင်မှန်မှာ ၂၀၁၀ ရွေးကောက်ပွဲနှင့်လည်းကောင်း၊ ၂၀၁၂ ကြားဖြတ်နှင့် လည်းကောင်း၊ အကြောင်းအမျိုးမျိုးဖြင့် လွှဲချော်ခဲ့ရလေသည်။ သို့ဆို၍ ၂၀၁၅ နှင့်ကား တည့်တည့် တိုးသွားလေပြီဟုလည်း မယူဆကြစေလေကုန်၊ ၂၀၁၅ ကိုလည်း အကြောင်းအမျိုးမျိုးဖြင့် လွဲခဲ့သည် သာတည့်၊ (ကျွနု်ပ်မောင်မှန်ကား မဲစာရင်းတွင်ပင် မပါချေ၊ ဤသည်လည်း အလွဲများစွာထဲမှ တစ်လွဲ တည်း။)

မည်သို့ပင် လွဲသည်ဖြစ်စေ သူတပါးတို့ ဟောပြော မဲဆွယ်ကြသောအခါ ကျွနု်ပ်မောင်မှန်သည် လည်း ဟောပြော မဲဆွယ်လိုစိတ်များ တဖွားဖွားနှင့် တားထားမရအောင် ဘီယာခွက်အမြှုပ်ထသကဲ့သို့ လှုပ်ရွ တက်လာလေတော့၏။ ထို့အတွက် ပြည်သူအများထံ ကျွနု်ပ်မောင်မှန်၏ ဟောပြောချက်ကို တင်ဆက် လိုက်ရပေသည်။ (ကျွနု်ပ်မောင်မှန်အား ကြိုက်လှ၍ မဲပေးစရာလည်း မလို၊ မကြိုက်လှ၍ ဆဲရေးစရာ လည်း မလိုပေ။) ၂၀၁၅ ရွေးကောက်ပွဲ အလွတ် တရားမဝင်သော ဟောပြောချက်များ ဆိုသော်လည်း ၂၀၂၀  အတွက်မူ ရည်ရွယ်ချက် ဖြစ်ပါသည်။ ကျွနု်ပ် မောင်မှန်သည် ရေဒီယိုရုပ်မြင် သံကြားမှ တစ်ဆင့် ဟောပြော ထုတ်လွှင့်ခွင့် မရသည်ကိုမူ ကော်မရှင်ကို ငြူစူစိတ်ကောက်ရန်မှ တစ်ပါး အခြား မရှိတော့ပြီတည်း။ ဤဟောပြောချက်ကို ဖက်ရှု၍ ၂၀၁၅ အတွက် မဟုတ်သော်လည်း အပျင်းပြေနိုင် ကြပါစေကုန်။

မိဘပြည်သူများခင်ဗျာ၊ ပြည်သူလူထု အပေါင်းတို့ခင်ဗျာ၊ တိုင်းရင်းသား လုပ်သားပြည်သူ အပေါင်းတို့ ခင်ဗျာ၊ ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ ခင်ဗျာ။
အခုလောက်ကြီး စေ့စေ့စပ်စပ် သေသေချာချာ လစ်ဟာမှု မရှိရလေအောင် နှုတ်ခွန်းဆက်ရ တာကတော့ မောတော့ မောတာပေါ့ခင်ဗျာ၊ ဒါပေမယ့် မမောလည်း မမောပါဘူး။ လက်ရှိ အာဏာရပါ တီရဲ့ အသုံးအနှုန်း၊ လက်ဝဲ အသုံးအနှုန်း၊ လက်ယာ အသုံးအနှုန်း၊ ပြည်ထောင်စုဆန်တဲ့ အသုံးအနှုန်း အားလုံး ပါရလေအောင် အားထုတ်ထားတာပါပဲ၊ ပြည်သူလူထုကြီးကို နှုတ်ဆက်တဲ့ နေရာမှာတောင် ဒီလောက်ကြီး ဂရုထားနေရင် အလုပ်အကျွေး ပြုတဲ့အခါမှာ ဘယ်လောက်တောင် အားပါလိုက်မလဲ ဆိုတာ မိဘပြည်သူများအနေနဲ့ ပြေးကြည့်စရာမလိုဘဲ တွေးကြည့်တာနဲ့တင် သိနိုင်မှာ ဖြစ်ပါတယ်။
ဦးစွာပထမ ဟောပြောချက် ခေါင်းစဉ်ကို ရှင်းပြပါ့မယ်။ အထူးဆောင်ရန် ဦးမောင်မှန်တဲ့၊ ဘာကြောင့် ဆောင်ရမှာလဲ၊ မောင်မှန်ဟာ ပရုပ်ဆီလား၊ အစာကြေဆေးလား၊ လူပျံတော် ပတ္တမြားလား၊ ဒီလိုမေး စရာအကြောင်း ရှိပါတယ်။ အဲဒါတွေ တစ်ခုမှ မဟုတ်ပါဘူး။ ပြည်သူ့အကျိုးဆောင်မယ့် မောင်မှန်ကို ပြည်သူကလည်း အထူး ဆောင်ထားကြပါ ခင်ဗျာ။ ဒါပါပဲ။ အထူးဆောင်ရန် ဦးမောင်မှန် ဆိုတာ ဒါပါပဲ။

မောင်မှန်ကို ပြည်သူက ဆောင်ထားဖို့ ဆိုရာမှာ အရင်ဆုံး မောင်မှန်အကြောင်းကို ပြည်သူလူ ထုကြီး သိဖို့ လိုအပ်တာပေါ့။ ဒါကို မောင်မှန် ကောင်းကောင်းကြီး နားလည် သဘောပေါက်ပါတယ်။ ဒီအတွက် ဒီနေရာမှာ ပိုပြီး ပြည့်ပြည့်စုံစုံ သိရစေခြင်းငှာ အင်မတန်မှ အစဉ်အလာကြီးမားတဲ့ မောင်မှန် မျိုးရိုးရဲ့ နိုင်ငံရေး ဖြတ်သန်းမှုများကိုပါ တင်ပြသွားမှာ ဖြစ်ပါတယ်။

မောင်မှန်အဘိုးအကြောင်းက စလိုက်ပါရစေ၊ မောင်မှန်အဖိုးဟာ အင်္ဂလိပ်ခေတ်မှာ ရွှေစလွယ် တော်ရ နှစ်လုံးပြူးကိုင် ရွာသူကြီးပါ။ အဘိုးဟာ အင်္ဂလိပ်မင်းများရဲ့ ဥပဒေကို အလွန်လေးစားလိုက်နာ သူပါ။ ဒါများ ဘာအစဉ်အလာ ကြီးလို့တုံး မောင်မှန်ရာလို့ မေးစရာ ရှိပါတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ဥပဒေကို အလွန်လေးစား လိုက်နာတာ အင်မတန်ကြီးတဲ့ အစဉ်အလာပေ့ါ။ ခေတ်အ ဆက်ဆက်မှာ ဥပဒေကို လေးစား လိုက်နာသူများသာ ကြီးကျယ်ထင်ရှားတဲ့ နိုင်ငံရေး သမားကြီးများ ဖြစ်ကြတာပါ။

ခုလည်း ကြည့်လေ၊ မဲဆွယ်ဟောပြောနေတဲ့ မောင်မှန်ကိုယ်တိုင်တောင်မှ ၂၀၀၈ အခြေခံ ဥပဒေဆိုတာကို သိသိကြီးနဲ့ အဲဒီခွင်ထဲက မထွက်နိုင်ဘဲ ဟိုအခွင့်အရေးလေး ရနိုး၊ ပြည်သူအတွက် ဒါလေး လုပ်ပေးနိုင်နိုးနိုးနဲ့ ဝင်ရောက် လှုပ်ရှားနေရတယ် မဟုတ်လား။ မောင်မှန်မှ မဟုတ်ပါဘူး။ ခေါင်းဆောင်ကြီး အတော်များများလည်း ဒီလိုပါပဲ၊ တချို့ဆို ပါဝင် လှုပ်ရှားချင်ပါလျက်နဲ့ အနားရောက်မှ ဖြုတ်ချ ခံလိုက်ရတာတွေတောင် ရှိသေး၊ အဖိုးလည်း ဒီလိုပဲ နေမှာပေါ့၊ သူ့ခေတ်သူ့အခါမှာ ဥပဒေနာခံရင်း အခွင့်ကောင်ကို ချောင်းနေတာ ဖြစ်မှာပေါ့။

အဘိုးရဲ့ အင်္ဂလိပ်ခေတ် ဆောင်ရွက်ခဲ့ပုံအချို့ကို အကျဉ်းရုံး တင်ပြပါမယ်။ အင်္ဂလိပ်နယ်ပိုင် ကို ဘုရား မပြတ်တမ်း ထူးခဲ့ပါတယ်။ အင်္ဂလိပ်ကပြား အရေးပိုင်ရွာကို ရောက်တိုင်း ကြက်ကြော်နဲ့ ထန်းရည် အမြဲတစေ စီမံပေးခဲ့ပြီး အခါအားလျော်စွာ ဘာညာ မယားခေါ်ပေးတာလည်း လုပ်ပါတယ်။ နယ်ချဲ့ အင်္ဂလိပ်ကို ဆန့်ကျင်ပြီး ဂဠုန်သူပုန်တွေ ထကြတော့ အဘိုးဟာ သူ့နယ်တကြောမှာ ဂဠုန်သူူပုန် မယုံဆို တဲ့သီချင်းကို တကြော်ကြော် အော်ဆိုရင်း ဂဠုန်တပ်သား ၅ ယောက် ( က အဆင့် ၃ ယောက်၊ ခ အဆင့် ၂ ယောက်)ကို အင်္ဂလိပ်ထံ ဖမ်းအပ်ပေးဖူးတယ်။

သခင်အောင်ဆန်းကို ဆုငွေ ၅ ကျပ်နဲ့ အင်္ဂလိပ်က ဖမ်းဝရမ်းထုတ်တုံးက အဘိုးက လိုက်ဖမ်းဖို့ စဉ်းစားသေးတယ်။ ဒါပေမယ့် သူ့နယ်ဘက် ရောက်မလာတဲ့အတွက် အထမမြောက်လိုက်ရရှာဘူး။ ဒါက အင်္ဂလိပ်ခေတ် အဖိုးရဲ့ လှုပ်ရှားမှု အချို့ကို သဘောလောက် တင်ပြလိုက်တာပါ။ တကယ်တော့ အဖိုးဟာ အင်္ဂလိပ်ကို ပူးသတ်ရေး နည်းဗျူဟာ ကျင့်သုံးခဲ့တာပါ။ ဒါကို လူတွေ က သိပ်သဘော မပေါက်ဘဲ ပြစ်တင် ဝေဖန်ချင်ကြတယ်။ သရော် စော်ကားချင်ကြတယ်။ မောင်မှန် သိပ်အများကြီး မပြောလိုပါဘူး။ ဥပမာတစ်ခုပဲ ပေးပါ့မယ်။ အင်္ဂလိပ်ခေတ်မှာ  အဖိုးက ဂဠုန်တပ်သား ၅ ယောက်ကိုပဲ ဖမ်းပေးခဲ့တာ၊ ဒါလောက်ပဲ။

အဲ အင်္ဂလိပ်ခေတ်မှာ ဂဠုန်ခေါင်းဆောင် ဆရာစံကို ကြိုးမိန့်ပေးခဲ့တဲ့ တရားသူကြီးမင်းကျ လွတ်လပ်ရေးခေတ်မယ် ဗမာပြည်မှာ သမ္မတ ဖြစ်တယ်။ ဝေဖန် ပြောဆို ကဲ့ရဲ့ ပြစ်တင်သူလည်း အတော်နည်း တယ်။ မျက်နှာကြီးရာ ဟင်းဖတ်ပါကြတာပဲ။ တကယ်ဆို ဂဠုန်ကို ကြိုးမိန့်ပေးသူ သမ္မတဖြစ်ရင် ဂဠုန် ၅ ယောက်တောင် ဖမ်းပေးသူဟာလည်း မြို့ပိုင်လောက် တော့ ဖြစ်သင့်တယ်။ မောင်မှန်နဲ့ အဖိုးဟာ အဲဒီလို နိုင်ငံရေး လောကဓံတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ ရတယ်။

အင်္ဂလိပ်ပူးသတ်ရေး အဖိုး လက်တွေ့ ကျင့်သုံးခဲ့ပုံကို အခု ပြောပါ့မယ်။ ဘယ်အချိန်မှာ ကျင့်သုံးခဲ့သလဲ ဆိုတော့ ၁၉၄၂ ခုနှစ် နှောင်းပိုင်းမှာ ဘီအိုင်အေနဲ့အတူ ဂျပန်တပ်များ ဗမာပြည်ထဲ ဝင်လာတဲ့အခါ အဖိုးရဲ့ နယ်ချဲ့တော်လှန်ရေး လုပ်ငန်းစဉ် စပါတော့တယ်။ အင်္ဂလိပ်ခေတ်မှာ အတူတွဲ လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အင်္ဂလိပ်သူလျှိုဆိုပြီး ကင်ပေတိုင်ကို လက်တို့ခြင်းနဲ့ အဖိုးရဲ့ တော်လှန်ရေးဟာ စတင် အသက်ဝင်ပါတယ်။ အင်္ဂလိပ်တွေကို တိုက်ထုတ်ပေးခဲ့တဲ့ ဂျပန်တွေကို အဖိုး က အထူးလေးစား တန်ဖိုးထား စောင့်ရှောက်ပါတယ်။ နိပွန်ဘိဂုမာဘန်ဇိုင်းဆိုတဲ့ စကားကို ရွာနီးချုပ် စပ်မှာ အရင်ဆုံးပြောတတ်တာနဲ့ အပြောအများဆုံးသူဟာ အဖိုးပါပဲ။ မောင်မှန်တို့ဆီမှာ လူသိများတဲ့ ထန်းပင်တက် လက်မှတ်ဆိုတာ ရှိတယ်မို့လား။ ထန်းပင်တက်လက်မှတ်ရဲ့ မူလအော်ရီဂျင်နယ် ပိုင်ရှင် ဟာ မောင်မှန် အဖိုးပါခင်ဗျာ။ ဒီဇာတ်ကြောင်းလေးကို နောက်ရက်တွေမှာ ဆက်လက် တင်ဆက်သွား မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags