ဒီဇင်ဘာရေ…ထာဝရ ငြိမ်းချမ်းပါစေ

By သူရိယထက်
21 December 2018
ဒီဇင်ဘာရေ…ထာဝရ ငြိမ်းချမ်းပါစေ

“ ကောင်းကင်ဘဝင်ဝယ် ဘုရားသခင်သည် ဘုန်းကြီးစေတော်မူသတည်း။ မြေကြီး ပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေတော်မူသတည်း။ လူတို႔အား မေတ္တာ၊ ကရုဏာရှိစေသတည်း”ဟူသော ဆုတောင်း မေတ္တာပေးပို့သံ များဟာ ကလေးမြို့တစ်မြို့လုံးမှာ ပျံ့လွင့်နေပါတယ်။

နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ဆောင်းလေအေးအေးလေးတွေနဲ့အတူ အခုလို ဆုတောင်းမေတ္တာပေးပို့သံတွေ ဟာ ခရစ်ယာန် ဘာသာဝင်တို႔ရဲ့ ကယ်တင်ရှင်ခရစ်တော်မွေးနေ ့အခါသမယမှာလည်း နီးကပ်လာလေ နေရာအနှံ့ ကြားလာရလေလေပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ပထမပတ်လောက်က စပြီး ခရစ်ယာန်ဘာသာဝင် လူကြီး၊ လူငယ်၊ ကလေးများတို ့ဟာ ညပိုင်း တွေမှာ အေးမြတဲ့ဆောင်းရာသီကိုအန်တုကာ ခြေလျင်ဖြင့်တစ်မျိုး၊ မော်တော်ကား၊ ဆိုင်ကယ်များဖြင့် တစ်ဖုံလှည့်လည်၍ ကယ်တင်ရှင်ခရစ်တော်ယေရှုမွေးနေ႔ကို ကြိုဆိုသောချီးမွမ်းသီချင်းများကို သံပြိုင် သီဆိုကြွေးကြော်တတ်ကြပါတယ်။

“ သင်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့် ယေရှုအမည်ဖြင့်မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏ ”ဟု ကျမ်းစာလာသည်နှင့်အညီ လောကီသားအားလုံးကို အပြစ်မှကယ်ချွတ်ရန် လူ ့ဇာတိကိုခံယူပြီး ဖွားမြင်လာသော သခင်ယေရှုခရစ်တော်၏ မွေးနေ ့တော်မြတ်ဖြစ်သော ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ္စမတ်နေ ့လို့ သတ်မှတ် ကြိုဆိုကြပါတယ်။ အဲ့နေ့မှာတော့ တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းများကို မွေးနေ ့တော် သီချင်းများသီဆိုကာ ဆုတောင်းမေတ္တာပို့သလေ့ ရှိပါတယ်။

လူမျိုးတိုင်း ဘာသာတိုင်း အသီးသီးမှာ ရိုးရာဓလေ့ ပွဲလမ်းသဘင်ဆိုတာ ရှိတတ်ကြပါတယ်။ကလေးမြို့ဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစပ်မှာ တည်ရှိပြီး မြို့ပေါ် ၁၉ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပါတယ်။ လူဦးရေကတော့ သုံးသိန်းလေးသောင်းကျော်နေထိုင်ကြပြီး ချင်းလူမျိုးများနဲ့ ဗဗာလူမျိုးများ ရောထွေးစွာ အတူနေထိုင်လျက်ရှိပါတယ်။

ဒီဇင်ဘာလဆိုရင်တော့ ချင်းတိုင်းရင်းသား ခရစ်ယာန် ဘာသာဝင်တွေဟာ ကောက်သစ်စားပွဲ၊ ခရစ္စမတ် ပွဲတော်တွေနဲ့နှစ်သစ်ကူးပွဲတော်တွေကို ကျင်းပကြပြီး ချမ်းအေးတဲ့ ရာသီဥတုအောက်မှာ သစ်တုံးကြီးများကို မီးဖိုကာ တစ်ညလုံး ပျော်ပျော်ရွှင်ရွှင် ဓမ္မတေးသီချင်းတွေနဲ့သိဆိုကြလေ့ရှိပါတယ်။ ဒါ့အပြင် ရိုးရာခေါင်ရည်တွေ ကို အတူတူသောက်သုံးရင်း ချမ်းအေးတဲ့ ဆောင်းရာသီရဲ့ အငွေ့အသက်ကို ခံစားကြလေ့ရှိပါတယ်။

ဒီဇင်ဘာလဟာ တစ်မြေတည်းနေ ချင်းတိုင်းရင်းသားတွေတင်မက ဗမာတိုင်းရင်းသားတွေ အတွက်လည်း ပျော်ရွှင်ရတဲ့ လတစ်လပဲ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတော်တွေမှာ ဗမာနဲ့ အခြားတိုင်းရင်းသား တွေ ဆင်နွှဲကြသလို မြန်မာ့ရိုးရာ ဗမာတိုင်းရင်းသားတွေရဲ့ ပွဲတော်တွေမှာလည်း ချင်းတိုင်းရင်းသားတွေက ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။ ဒါဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းရဲ့ ပြယုဒ်တစ်ခုလည်း ဖြစ်ပါတယ်။

ချင်းလူမျိုးအများစုဟာ ခရစ်ယာန်ကိုးကွယ်သူများ ဖြစ်တာကြောင့် သူတို့ရဲ့ ဘုရားသခင်ကယ်တင်ရှင် သခင်ယေရှုရဲ့ မွေးနေ့ကို အမှတ်တရကျင်းပတဲ့ ပွဲတော်ပဲ ဖြစ်ပါတယ်။ ဒီပွဲတော်မှာတော့ ခရစ်ယာန်တွေရဲ့  ဘုရားကျောင်းတွေမှာ ထမင်းတွေအပါအဝင် စားသောက်ဖွယ်ရာတွေကိုအဖြူအမည်း အတိုအရှည် ဘာသာ လူမျိုးမခွဲခြားဘဲ လာသမျှကုန်တဲ့အထိ ကျွေးမွေးကြတဲ့ ဓလေ့ကလည်း ယနေ့အထိ ချစ်စရာကောင်းစွာ တည်ရှိနေဆဲဖြစ်ပါတယ်။ မှတ်မှတ်ရရ ၂၀၁၆-၁၇ ခုနှစ်ကဆိုရင် ခရစ်ယာန်ဘာသာ ဆရာတော်တွေက ဗုဒ္ဓဘာသာ ဆရာတော်တွေကို ပင့်ဖိတ်ပြီး ဘုရားကျောင်းမှာ ဆွမ်းကပ်ကြတာကို ဘာသာ (၂) ခုကြား ချစ်မြတ်နိုးစွာ တွေ့ခဲ့ရပါတယ်။ သိပ်ကို ပျော်စရာကောင်းလွန်းတဲ့ ဒီဇင်ဘာရဲ့ နေ့တွေဟာ နှင်းမှုန်တွေကြားမှာ ဘာသာလူမျိုးမခွဲခြားဘဲ နွေးထွေးမှုတွေ ပေးနေတာကတော့ တကယ့်ကို မြတ်နိုးနှစ်သက်ဖွယ်ကောင်းတဲ့ ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။

ခရစ္စမတ် ပွဲတော်ရက်တွေမှာ ဘာသာဝင်တွေဟာ မနက်ခင်းဆိုရင် ဘုရားကျောင်းကို သွားလေ့ရှိကြပြီး နေ့လယ်ခင်းဘက်တွေမှာတော့ စုဝေးဆုတောင်းခြင်းတွေ လုပ်ကြတယ်။ ညဘက်မှာတော့ အေးချမ်းတဲ့ ဆောင်းနှင်းတွေအောက်မှာ အချမ်းဒဏ်ကို ကာကွယ်ဖို့ ထင်းလုံးကြီးတွေနဲ့ မီးဖိုပြီး မီးဖိုဘေးမှာ ဝိုင်းထိုင်ရင်း ရိုးရာခေါင်ရည်စုပ်ရင်း စကားပြောကြသလို ဘာသာလူမျိုးခွဲခြားမှုမရှိဘဲ တေးသီချင်းတွေ သီဆိုကာ ဒီဇင်ဘာ လရဲ့ပကတိ အေးချမ်းမှုတွေကို ဖော်ပြနေသလိုပဲ ဖြစ်ပါတယ်။နိုင်ငံအနှံ့ စစ်ပွဲတွေ ငဋိပက္ခတွေ ရှိနေပေမယ့် လည်း ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေကတော့ ယနေ့ထိကို ချစ်စရာကောင်းတဲ့ ရိုးရာပွဲတွေနဲ့အတူ ငြိမ်းချမ်းနေဆဲပဲ ဖြစ်ပါတယ်။

 

ဒီဇင်ဘာလဟာ တဖြည်းဖြည်းနဲ့ ကုန်လွန်လာခဲ့တာ လတစ်လရဲ့ နောက်ဆုံးအပတ်တွေကို ရောက်ရှိလာပါပြီ။ မကြာခင်မှာတော့  ခရစ်ယာန်ဘာသာဝင် ချင်းတိုင်းရင်းသား မိတ်ဆွေများရဲ့ ခရစ္စမတ်ပွဲတော် (ကယ်တင်ရှင် မွေးနေ့) ကိုရောက်ပါတော့မယ်။ အေးချမ်းတဲ့ နှင်းမှုန်တွေကြားမှာပဲ ဒီဇင်ဘာက ဘာသာတစ်ခုနဲ့ တစ်ခုအကြား နားလည်မှုတွေနဲ့ အလေးထားတတ်တဲ့ အတူတကွ ငြိမ်းချမ်းစွာ ပျော်ရွှင်နေထိုင်တဲ့ဓလေ့တွေနဲ့ ပြည့်နေပါ တယ်။ဒီပြယုဂ်တွေနဲ့ ငြိမ်းချမ်းတဲ့ လက္ခဏာတွေဟာ တစ်နိုင်ငံလုံးကို ပျံ့လွင့်လာမယ်ဆိုရင်တော့ ဒီဇင်ဘာ လဟာ တကယ့်ကို အေးချမ်းငြိမ်းချမ်းမယ့် လတစ်လ ဖြစ်လာမှာ သေချာပါတယ်။ ဒီဇင်ဘာရေ ထာဝရ အေးချမ်းပါစေ။ မြန်မာပြည်ကြီး ထာဝရ ငြိမ်းချမ်းပါစေ..

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly