မင်းအနားက ဝဲ တဲ့ လိပ်ပြာတွေလို… တေးသံရှင် Mary နှင့် တွေ့ဆုံမေးမြန်းခြင်း - အပိုင်း (၂)

မင်းအနားက ဝဲ တဲ့ လိပ်ပြာတွေလို… တေးသံရှင် Mary နှင့် တွေ့ဆုံမေးမြန်းခြင်း - အပိုင်း (၂)
ဓာတ်ပုံ-သူရ/မဇ္ဈိမ

မေး။ ။ကိုယ်က တစ်ဦးတည်းသော သမီးဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ခံစားချက်လေးနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ခံစားလွယ်တယ်လို့  ထင်တယ်ပေါ့နော်၊ ဒီလိုမျိုးတွေ စိတ်ဓာတ်ကျစရာတွေ ကြုံလာရင်ရော ဘယ်လိုမျိုးတွေပြန်ပြီးတော့ အားယူသလဲ၊ ရုန်းထွက်သလဲ။

ဖြေ။ ။ တစ်ဦးတည်းသော ကလေးတွေဆို သိမှာပါ၊ Mary က ဒါကတော့ အဖေအမေ နှစ်ယောက်ထဲ ရှိတဲ့ကလေးတွေဆို ပိုဆိုးတယ်ပေါ့နော်၊ မိဘတွေက အလုပ်ထွက်လုပ်နေတဲ့ အချိန်မှာ ကိုယ်ကတစ်ယောက်ထဲ အိမ်မှာ ငယ်ငယ်လေးကတည်းက တစ်ခုခု လက်ထိသွားပြီဖြစ်ဖြစ်၊ ခြေထောက်ထိိသွားတာပဲဖြစ်ဖြစ်၊ ချော်လဲသွားတာပဲဖြစ်ဖြစ် ချက်ချင်း ဖုန်းဆက်ပြီးတော့ ပြောလို့မရဘူး။ မောင်နှမတွေကို အကူအညီတောင်းလို့လည်း မရဘူး၊ အသက်အရွယ်တစ်ခုရောက်လာတယ် ရည်းစားထားတဲ့ အရွယ်ရောက်လာတယ်။ ခံစားတတ်တဲ့ အရွယ်ရောက်လာတယ် ကျောင်းမှာ အဆင်မပြေတဲ့အရွယ်ရောက်လာတဲ့အချိန်မှာ ဆိုလည်း မိဘတွေ မပြောတဲ့ အခြေအနေရှိတယ်၊ ဆိုတော့ ကိုယ့်ကိုကိုယ်ပဲ ပြန်ထိန်းရတယ်။ တစ်ဦးတည်းသောကလေးတွေများသောအားဖြင့်လေ။ သူများကို ရင်ဖွင့်တာထက် သူများကို တိုင်ပင်ပြီးမှ အားကိုးတာထက် ဆိုတော့ အဲ့ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြီးတော့ နှစ်သိမ့်တယ် ကိုယ့်အတွက် ကိုယ်ပဲရှိတယ် အတွေးဆိုတာ အမြဲ Mary ဆီမှာရှိတယ်ပေါ့။ တစ်ခြားကလေးတွေတော့ မသိဘူး။ ငါက လဲကျသွားတယ် ငါက ဒီအလုပ်ကို ဆက်မလုပ်ခဲ့ရင် ငါသာ တစ်ခုခုဖြစ်သွားရင် ငါပဲရှိတယ် ဆိုတဲ့ အတွေးဆိုတာ အမြဲရှိတယ်ပေါ့နော်။ မိဘတွေကိုလည်း အားမကိုးချင်ဘူး။ ငယ်ငယ်လေးကတည်းကပေါ့နော်။ ဆိုတော့ ပိုပြီးတော့ အဲဒီလို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ခံစားချက်လွယ်ပြီးတော့ ပျော့ရင်သာ ပျော့နေလိမ့်မယ် အထဲမှာလေ၊ ဒါပေမယ့် တကယ့်တကယ်တော့ အရမ်း Strong ဖြစ်တယ်။
မေး။ ။ အဲဒီတော့ တစ်ဦးတည်းသော သမီးဖြစ်ရတာကို ကြိုက်တဲ့အချက်နဲ့ မကြိုက်တဲ့အချက် ဆိုရင် ရော။
ဖြေ။ ။ ကြိုက်တဲ့အချက်ကတော့ မိဘတွေက ကိုယ့်အတွက်ပဲရှိတယ်။ ကိုယ်ကလည်း မိဘအတွက်ပဲ ရှိတယ်ပေါ့နော်။ ဆိုတော့ မောင်နှမတွေလည်း တစ်ခါတစ်လေတော့ ရှိချင်တာပေါ့၊ ဒါပေမယ့် တစ်ခါတစ်လေကျရင် ဘာပဲပြောပြော တစ်ယောက်တည်းနေရတာလည်း ပိုပြီးတော့ အချစ်ခံရ တာပေါ့။ မိဘတွေဆီက အချစ်တွေ အပြည့်အဝရတာပေါ့။ ဒါပါပဲ။
မေး။ ။ ပြီးတော့ တစ်ဖြေးဖြေးနဲ့ ဝဲ ကနေပြီးတော့ မက်စ် ၊ မက်စ် ကနေပြီးတော့ 3 AM တစ်ဖြေးဖြေးနဲ့ ပရိသတ်တွေအခိုင်အမာရလာတယ်၊ ရလာတဲ့နောက်ပိုင်းမှာ အခု ဒါ ဘာပဲပြောပြော ပထမဦးဆုံးသော Solo Album လေးကို ပရိသတ်တွေလက်ထဲကို ထည့်ပေးလိုက်ပြီပေါ့နော်။ အဲဒီတော့ ဒီအခွေလေးဖြစ်ဖို့ကော ဒီနှစ်နှစ် အတွင်းမှာ ဘယ်လိုတွေကြိုးစားခဲ့ရလဲ။
ဖြေ။ ။ Mary က ဟိုမှာ ကျောင်းပြန်တက်လိုက်ရတယ်ပေါ့နော်။ ခြောက်လ တစ်နှစ်လောက် တက္ကသိုလ်က တစ်နှစ်ကျန်သေးတော့၊ ဆိုတော့ အဲ့အချိန်မှာ အချိန်ပုပ်သွားမယ်ဆိုတော့ သီချင်းလည်း မလုပ်ဖြစ်ဘူးပေါ့နော်။ ဆိုတော့ သီချင်းပိုင်းဆိုင်ရာမှာတော့ Mary ဒီအခွေလေးမှာ အားနည်းတဲ့အပိုင်းလေးရှိတယ်။ ဒါပေမယ့် ဒါကတော့ Mary ပထမဆုံး Album လေးဆိုတော့လေ။ Mary သီချင်းထဲက ချပြချင်တဲ့အရာကို အကောင်းဆုံးဖန်တီးထားတယ်။ ဘယ်လိုမျိုးလဲဆို ဒီ Album တစ်ခုပုံကိုကြည့်လိုက်တာနဲ့ အနုပညာရှင်တွေရဲ့ အနုပညာပေါင်းစပ်ထားတာ သိရအောင် Mary ကလုပ်ထားတယ်။ ဓာတ်ပုံရိုက်တာက အစ၊ Styling ကအစ၊ ပန်းချီဆွဲတာ ကဗျာရေးတာ Album Design အကုန်လုံးက တကယ် အနုပညာကို ချစ်တဲ့လူတွေက သီးသန့်လုပ်ထားတယ်ပေါ့နော်။   အရမ်းတော်တဲ့လူတွေရွေးထုတ်ပြီးတော့ လုပ်ထားတဲ့ဟာပါ။ ဆိုတော့ အဲ့ဒါလေးတွေတော့ အချိန်ယူခဲ့ရတယ်။

မေး။ ။ ဒီအခွေလေးကို Midnight Thoughts  လို့ နာမည်လေး ပေးဖြစ်ပုံကျတော့ကော။

ဖြေ။ ။ Mary က ဒီသီချင်းတွေ လုပ်ပေမယ့် theme နဲ့ သွားချင်တယ်ပေါ့။ ဆိုတော့ Album လေးထဲမှာက ဒီတစ်ခေါက် Album မှာတော့ အေးအေးလေးတွေထည့်ချင်တယ်၊ မယ်ရီ ခါတိုင်း ဖြစ်သလိုပေါ့ မယ်ရီတို့ အိပ်ခါနီးမှာ တစ်ဦးတည်းသော သမီးဖြစ်လို့လည်း အဲ့ဒီလိုအတွေးလေးတွေ ရှိလို့ထင်တယ်။ တစ်ခါတစ်လေကျရင် ဘယ်သူမှ ရင်မဖွင့်လိုက်ရဘူး။ ခံစားရတယ်၊ ဒီနေ့ကျောင်းမှာ အဆင်မပြေဘူးလို့၊ ဒီနေ့ ချစ်သူနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုခံစားနေရတယ်လို့ ၊ တစ်ခါတစ်လေ ကျရင် ဘယ်သူမှကို ရင်မဖွင့်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ ဖြေသိမ့်ပြီးတော့ အိပ်လိုက်ရတဲ့ အချိန်ရှိတယ်ပေါ့နော်။ အဲ့ဒီ အိပ်ခါနီးမှာ တွေးတဲ့အကြောင်းလေးကို မယ်ရီက သီချင်းစားသားလေး တွေနဲ့။ အိပ်ခါနီး တွေးတဲ့အကြောင်းလေးတွေ မယ်ရီက သီချင်းဆိုတဲ့ အနေနဲ့ပေါ့နော်။ အဲ့ဒီအတွေးလေးတွေကို သီချင်းစာသားနဲ့ ရေးပြီးတော့ အဲ့ဒီလိုမျိုး ခံစားနေရတဲ့ဟာ ပရိသတ်တို့လည်း အဲ့ဒီလိုခံစားရရင်ကောင်းမယ် ဆိုမှ Midnight Thoughts  ဆိုပြီးတော့ Midnight Thoughts  မှာ တွေးတဲ့ အတွေးလေးကို သီချင်းလေးတွေစုပြီးတော့ ထည့်လိုက်တာပါ။

မေး။ ။ ဒါဆိုလို့ရှိရင် ဒီအခွေထဲမှာပေါ့နော် မယ်ရီနဲ့ လုံးဝမတူတဲ့ ပုံစံမျိုး၊ ခြားနားတဲ့ ပုံစံမျိုး၊ အဲ့ဒီလိုမျိုး ဂီတ ပုံစံရော တွေ့ရဖို့ ရှိလား။

ဖြေ။ ။ အဲ့ဒီလိုတော့ မရှိဘူး။ ဒါပေမယ့် pop သီချင်းလေးတော့ ပါတယ်ပေါ့နော်။ pop က မယ်ရီ သိပ်ပြီးတော့ အရမ်း pop ဆန်တဲ့ဟာလေး တစ်ပုဒ်လောက်တော့ပါမယ်၊ အဲ့ဒါမယ်ရီ သိပ်ပြီးတော့ မတူဘူး။ ဒါပေမယ့်လည်း ထည့်ထားတယ်။

မေး။ ။ ဒီအခွေကတော့ ပထမဦးဆုံး စရောင်းတဲ့ နေ့မှာပဲ အခွေပြတ်သွားတယ်လို့ ကြားလိုက်ရတယ် ပေါ့နော်၊ အဲ့ဒီတော့ ကိုယ့်ရဲ့ ဝမ်းသာပီတိကရော။

ဖြေ။ ။ မယ်ရီကလည်း ကိုယ့်ကိုကိုယ် ဘယ်တော့မှ ငါအောင်မြင်နေပြီ ၊ငါ့ကိုအားပေးတဲ့ပရိသတ် အများကြီးမမျှော်လင့်ဘူး၊ ငယ်ငယ်လေးကတည်းကလည်း မမျှော်လင့်ဘူး၊ ဘယ်အရာမဆိုလေ။ ဘာလို့လဲ ဆိုတော့ မျှော်လင့်ရင် အရမ်းခံစားရတယ်ဆိုတော့ ကိုယ်သိတယ်ပေါ့ ဘယ်အရာမဆို၊ ငယ်ငယ်လေးကတည်းက အဲ့ဒီလိုမျိုး မိဘတွေနဲ့ပဲ မိဘတွေချစ်ခြင်းမေတ္တာနဲ့ပဲပတ်သက်သက်၊ မမျှော်လင့်ဖူးဘူး။ ခံစားရတယ်ဆိုတာ ငယ်ငယ်လေးတည်းက အကျင့်ဖြစ်ခဲ့တယ်ဆိုတော့ ဘယ်အရာမဆို မမျှော်လင့်ရဲဘူး။ ဒီအခွေမှာ ဆိုလည်း လူတွေအားပေးမယ်လို့လည်း မမျှော်လင့်ဘူး။ ဆိုတော့ အနည်းဆုံး Amount ကို ထုတ်ထားတယ်။ အနည်းဆုံး Amount ဆိုတာ ဒါပေမယ့် လူတွေက နည်းနည်း နားထောင်သင့်တယ်နော် ဆိုမှ။ အဲ့ဒီလောက်ပဲ မယ်ရီက ထုတ်လိုက်တယ်။ မထင်မှတ်အောင်ပဲပေါ့နော်။ ချစ်တဲ့ပရိသတ်တွေက အခုဒီခေတ်ကြီးမှာပေါ့နော် သီချင်းနားထောင်ချင် ရင် အွန်လိုင်း Music Store ထဲမှာ အများကြီး နားထောင်လို့ရတယ်။ ဒါပေမယ့် တစ်ကူးတက မယ်ရီ့ကို အွန်လိုင်းမှာ အော်ဒါလည်းလုပ်ပေးတယ်၊ ပြီးတော့ အပြင်မှာလည်း လာတန်းစီပြီးတော့ ဝယ်ကြတယ် ဆိုတော့ Promotion ပွဲမှာလည်း ပစ္စည်းကပြတ်။ အွန်လိုင်းမှာလည်း ပစ္စည်းပြတ်တယ်။ ဆိုတော့ အဲ့ဒီလောက်ထိ အားပေးတဲ့ အတွက် အရမ်းဝမ်းသာတယ် ဆိုတော့ မယ်ရီ့ကိုချစ်တဲ့ ချစ်ခြင်းမေတ္တာတွေပေါ့နော်။ မယ်ရီ ဘာမှ မဟုတ်ခင်ကတည်းက ပေါ့နော်၊ အားပေးခဲ့တယ်။ မယ်ရီ ဘယ်လိုရုပ်လဲ၊ ဘယ်လိုအသံလဲ၊ ဘယ်လိုပုံစံလေးလဲ သူမသိခင်ကတည်းက အားပေးခဲ့တယ်။ အခုထက်ထိလဲ သူကအားပေးခဲ့တယ်ပေါ့နော်။ ဆိုတော့ အရမ်းဝမ်းသာပါတယ်။

မေး။ ။ ဒါဟာ အခုနောက်ပိုင်းဆိုရင် အဆိုတော်တွေက သူတို့ တစ်ကိုယ်တော် Album ကို ထွက်ပြီဆိုလို့ရှိရင် သီချင်းတစ်ပုဒ်ချင်းဆီကိုပဲ MTV လေးကို ပရိသတ်တွေကို ပြန်ပြီးတော့ ပေးတဲ့သဘောလေးတွေ တွေ့ရတယ်ပေါ့နော်။ ဒါကတော့ အခုနောက်ပိုင်းမှာ ပြောင်းလာတဲ့ trend  ပေါ့။ အဲ့ဒီတော့ မယ်ရီကော ဒီထဲက သီချင်းလေးတွေက အဟောင်းလေးတွေ ပါတဲ့အတွက်ကြောင့်   အရင်ရှိပြီးသားကိုပဲ နောက် အသစ်တွေကိုရော ဘယ်လိုပုံစံမျိုးတွေနဲ့ ပရိသတ်တွေကို ထပ်ပြီးတော့ ချပြမှာလဲ။

ဖြေ။ ။ အသစ်လေးထဲမှာလည်း Music Video ရိုက်ထားတာရှိတယ်။ ဆိုတော့ မယ်ရီက အွန်လိုင်းမှာပဲ ဘာလို့လဲဆိုတော့ မယ်ရီတို့လည်း ဒီအွန်လိုင်းကပဲ ပိုပြီးတော့ အဆင်ပြေတယ်လေ ဆိုတော့ အွန်လိုင်းမှာ မယ်ရီပြန်တင်သွားမယ်၊ သီချင်းလေးတွေရောင်းပြီးတော့ အဓိက မယ်ရီ အလ်ဘမ်ထုတ်တယ်ဆိုတာလည်း ခုနပြောသလိုပေါ့ သီချင်းတွေလည်း ဟုတ်တယ်၊ ပြီးတော့ သီချင်းစာအုပ်ထုတ်ထားတဲ့ ဒီ artistic  ဆန်တဲ့စာအုပ်။ မယ်ရီသည် ဘယ်လိုမျိုး အနုပညာကိုကြိုက်လဲဆိုတာကိုပဲ ဒီစာအုပ်လေးတွေကိုကြည့်ပြီးတော့ မယ်ရီက ပရိသတ်တွေကို သီချင်းအခွေချည်းပဲ မဟုတ်ဘဲနဲ့ သူဖန်တီးထားတဲ့အနုပညာတစ်ခုကို သူ လက်ထဲထည့်ပေးချင်ပါ လား ဆိုတဲ့ အသိတရားလေးတစ်ခုရရင် ကြေနပ်တယ်။ ဆိုတော့ အဲ့ဒီလိုပါပဲ။

မေး။ ။ ဒီအခွေလေးနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကို ထူးထူးခြားခြား ပြောချင်တာရှိရင်လည်း ပြောပြပေးပါ။

ဖြေ။ ။ အခွေလေးနဲ့ ပတ်သက်ပြီးတော့ မယ်ရီက သီချင်းလေးထဲမှာပေါ့နော်။ ဝဲ တို့လိုမျိုး မှတ်တိုင်တစ်ခု ထူလို့ရတဲ့သီချင်း ပါဝါရှိတဲ့သီချင်းတွေထက် မယ်ရီက တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်မှာ နားထောင်လို့ရတဲ့ သီချင်းအေးအေးလေးတွေ ပေါ့နော်။ ပိုပြီးတော့ ထည့်ထားပါတယ်။ ဆိုတော့ ဒီထဲမှာလည်း လိုအပ်ချက်တွေရှိနေမယ် မယ်ရီပထမ Fast Album ဖြစ်တဲ့အတွက်ကြောင့် နားလည်စေချင်တယ်။ ဆိုတော့ နောက်ပိုင်းမှာ ဒီထက်ကောင်းအောင် မယ်ရီကြိုးစားနိုင်မယ်။

မေး။ ။   ဒါကတော့ ဒီအခွေလေးအပိုင်းပေါ့။ နောက်တစ်ပိုင်းကကျတော့ သိထားသလောက် ဆိုရင် ညီမလေးက ဂျပန်မှာ ကျောင်းတက်နေတယ် အခု ဒီမြန်မာပြည်မှာ အခြေချဖို့ ဖြစ်လာပြီလား။
ဖြေ။ ။ ဟုတ်၊ ဖြစ်လာပါပြီ။ ပြန်နေ နေပါတယ်။

မေး။ ။အဲဒီတော့ စီးပွားရေးလည်း လုပ်ဖို့ ဆန္ဒရှိတယ်လို့ပြောတော့ စီးပွားရေးရော ဘာတွေလုပ်မှာလဲ၊ ပြီးတော့ ဘယ်တော့လောက်များ ဘာတွေ လုပ်ဖြစ်မလဲ Plan လေးပြောပြပါဦး။

ဖြေ။ ။ အခုက မယ်ရီက ဒီမှာလည်း မကြီးဘူး၊ ဒီမှာလည်း မနေလာဘူးဆိုတော့ မယ်ရီ အရင်ဆုံး ဒီမှာနေပြီးတော့ ဒီမှာ အသားကျဖို့ လိုအပ်တယ်။ ပြီးတော့ မယ်ရီ ဒီဖက်အလုပ် နည်းနည်းလေး ကိုယ့်ဟာနဲ့ကိုယ် မယ်ရီ အဆိုတော်တစ်ယောက် ဆိုတဲ့ နာမည်တစ်ခုကောင်းကောင်းရသွားရင် မယ်ရီက ဒီဖက်ခြမ်းကို ပြန်လှည့်ချင်တယ်ပေါ့။ စီးပွားရေးကတော့ အရင်လုပ်ချင်တယ်၊ ဆိုတော့ ဒီဘက် Market ကိုနည်းနည်းလေ့လာပြီးတော့ပေါ့နော်။ ကိုယ်နဲ့ အသင့်တော်ဆုံး ကိုယ်နဲ့အကိုက်ဆုံး ဟာ ဘာဖြစ်နိုင်လဲဆိုတာကို တစ်ချက်၊ ဝါသနာပါတဲ့အရာလည်း ရှိတာပေါ့ ။ ပြီးတော့ ကိုယ်သင်ယူခဲ့ တဲ့ ပညာရေးပေါ့။ ဂျပန် နဲ့ မြန်မာ တစ်ခုခုပေါ့နော်၊ အလဟသ မဖြစ်အောင် ကိုယ်သင်ခဲ့တဲ့ ပညာရေး ကိုလည်း ဒီမှာ အသုံးချနိုင်တဲ့ အရာ တစ်ခုလုပ်ချင်ပါတယ်။

မေး။ ။ အဲဒီတော့ ဂျပန်မှာ တက်ခဲ့တဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ရော ကိုယ်က ဘယ်လို ဘာသာရပ်ကို ယူခဲ့တာလဲ၊ ပြီးတော့ အဲ့ဒီ ဘာသာရပ်နဲ့ ပတ်သက်ပြီးတော့  ဒီမှာ ဘယ်လိုတွေ ထပ်ပြီးတော့ အသုံးချဖို့ရှိလဲ။

ဖြေ။ ။ မယ်ရီက မြန်မာပြည်မှာ အထက်တန်း ၊တက္ကသိုလ် ဝင်တန်း ၊ မယ်ရီ International Comunication policy တို့ economy တို့ သင်ခဲ့တယ်၊ အထူးသဖြင့် မယ်ရီက မြန်မာပြည်မှာတုန်းကကျ မယ်ရီက ဒီ volunteer  လုပ်တာ အရမ်းဝါသနာပါတယ်။ ငယ်ငယ်တည်းက အတက်တန်းမှာကတည်းက တစ်ခြားနိုင်ငံသွားပြီးတော့ volunteer  တွေ လုပ်တာတို့ Group တွေနဲ့၊ အဲ့ဒီလိုမျိုး အရမ်းလုပ်ခဲ့တယ်ပေါ့နော် volunteer  လုပ်တဲ့ အပိုင်းလေး၊ ပရဟိတပေါ့နော် ။ ဆိုတော့ အဲဒီလိုမျိုးတွေ လုပ်ခဲ့တယ်ပေါ့နော်၊ ဆိုတော့ အသက်ကြီးလာတဲ့အပိုင်းမှာလည်း ဒီမြန်မာနိုင်ငံမှာ မယ်ရီတို့ ဒုက္ခသည်တွေရှိတယ်၊ နယ်စပ်တွေမှာ ဒုက္ခသည်တွေရှိတယ်။ တစ်ခြားနိုင်ငံရောက်နေတဲ့ ဒုက္ခသည်တွေရှိတယ်ပေါ့နော်။ မြန်မာနိုင်ငံမှာ မဖွံ့ဖြိုးတဲ့ အပိုင်းတွေ ရှိတယ်၊ ကျောင်းတွေပဲဖြစ်ဖြစ် ပညာရေးတွေပဲဖြစ်ဖြစ် အဲ့ဒီလိုမျိုးတွေ supporting  ပေးနိုင်တဲ့ အဖွဲ့အစည်းတွေပေါ့၊ ပညာရေး international ဘာညာ အဲ့ဒီလိုမျိုးတွေမှာ မယ်ရီက လုပ်ချင်တယ်၊ ဆိုတော့ ငယ်ငယ်လေးကတည်း က အဲ့ဒီလိုမျိုး ဘာသာရပ်တွေကို မယ်ရီ ရည်ရွယ်ပြီးတော့ ကြီးလာရင်လည်း မယ်ရီက အဲ့ဒီလိုမျိုး၊ သူများတွေကို ကူညီအထောက်အထားဖြစ်တဲ့ အလုပ်တစ်ခုလုပ်ချင်တယ်ဆိုတော့ မယ်ရီက အထက်တန်းကတည်းက မယ်ရီက ဒုက္ခသည်ကူညီတဲ့ အဖွဲ့အစည်းတစ်ခုမှာ မယ်ရီက စကားပြန်တွေ လုပ်ခဲ့တယ်။ ဂျပန်မြန်မာ စကားပြန် အဲ့ဒီလိုမျိုးတွေ လုပ်ခဲ့တယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီလိုဘာသာရပ် တွေ ပိုယူခဲ့တယ်ပေါ့နော်။

မေး။ ။ နောက်တစ်ခုကတော့ ဂျပန်ကနေပြီးတော့ မြန်မာတွေအတွက် ဂုဏ်ယူရတယ်ဆိုလို့ရှိရင် မယ်ရီရှိတယ်၊ နောက်ထပ်လည်း အများကြီးရှိသေးတယ်ပေါ့နော်။ ဒါ့အပြင် နောက် မိုရီဆာကီဝင်း ပေါ့နော် အဝင်းနဲ့ ပတ်သက်ပြီးတော့လည်း သိတယ်၊ ဂုဏ်ယူရတယ်ပေါ့နော်။ အဲဒီတော့ ညီမလေးနဲ့ အဝင်းနဲ့ရော တွဲပြီးတော့ အနုပညာအလုပ် လုပ်ဖို့ရှိလား၊ ပြီးတော့ သူနဲ့ရော တွေ့ဖြစ်လား။

ဖြေ။ ။ ကိုအဝင်းနဲ့က မယ်ရီတို့နှစ်ယောက်က suzuki ရဲ့ brand ambassador  ပေါ့နော်။ အဲ့ဒီမှာ တွေ့ဖြစ်တယ်၊ ရိုက်ဖြစ်တယ်။ ဆိုတော့ စကားတွေပြောဖြစ်ပါတယ်။ သူလည်း မယ်ရီလိုပဲ သူလည်း ဆယ်နှစ်ထဲက ဂျပန်ရောက်သွားတယ် သူက ပိုပြီးတော့ အခု ၂၈နှစ်ဆိုတော့ သူကတော့ ပိုပြီးတော့ ဂျပန်မှာ ကြာတယ်ပေါ့ ၁ဝနှစ်ကနေ ၂၇ နှစ်အထိ၊ မယ်ရီက ၁၀ ကနေ ၂၂နှစ်အထိပေါ့နော်။ ဆိုတော့ သူက မယ်ရီထက် ငါးနှစ်ပိုပြီးတော့၊သူကတော့ ပိုပြီးတော့ ဂျပန်ဖက်သွားတယ် ၊ ဂျပန်ဖက် သွားတယ်ဆိုတော့ ဂျပန်အနုပညာလောကကို သူဝင်တယ်။ သူက ဂျပန်ကို ပိုပြီးတော့ ဆန်တယ်ပေါ့၊ မယ်ရီကတော့ ဂျပန်လည်းဆန်ပါတယ်။ ဒါပေမယ့် နဂိုကတည်းက မြန်မာပြည်ပြန်နေချင်တယ်၊ မြန်မာပြည် ဒီနှစ်ဖက်ပိုလုပ်ချင်တယ်၊ မြန်မာစကားပိုလေ့လာဖြစ်တယ် တစ်ယောက်တည်း၊ ဆိုတော့ အဲဒီလိုအပိုင်းလေးတွေတော့ ရှိတယ် တွေ့လည်းတွေ့ဖြစ်တယ် ၊ နောက်ပိုင်း အခွင့်အရေးရရင်ပေါ့နော်၊ အတူတူအလုပ်လုပ်ချင်ပါတယ်။

မေး။ ။ အဲဒီတော့ သာမှန် မိန်းကလေးတစ်ယောက်ဘဝကနေပြီးတော့ အနုပညာရှင် တစ်ယောက်ဖြစ် လာတဲ့ အခါမှာ ကွာခြားသွားတဲ့ ကွာခြားချက်တွေ၊ ပြီးတော့ လူတွေရဲ့ ဆက်ဆံမှုပြောင်းသွားတာ တွေ ရော ကြုံခဲ့ရလား။

ဖြေ။ ။ သာမန် မိန်းကလေးတစ်ယောက် အနေနဲ့ ဆိုရင် မယ်ရီက အရမ်းလွတ်လွတ်လပ်လပ် နေရတာကြိုက်တယ်၊ ဓာတ်ပုံတွေတင်ရတာလည်း မကြိုက်ဘူး။ ပြီးတော့ ခရီးသွားတာလည်း  လွတ်လွတ်လပ်လပ် သွားမယ်။ ကြိုက်သလိုဝတ်မယ် ကြိုက်သလိုနေမယ်၊ ကြိုက်သလိုသွားမယ်။ ကြိုသလိုထိုင်မယ်၊ ကြိုက်သလိုပျော်မယ်။ ဒါပေမယ့် ငယ်ငယ်တုန်းက မယ်ရီလုပ်ခဲ့ရပေါ့နော်။ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ အခါမှာ နေတာ ထိုင်တာ၊ စားတာ သောက်တာ၊ ဝတ်တာကအစ ကိုယ်ပတ်သက်တဲ့လူတွေကအစ အကုန်လုံး ဆင်ခြင်လာရတယ်။ အွန်လိုင်းမှာဆိုလည်း ဓာတ်ပုံတင်ပေးရတယ်။ အဲ့လိုမျိုးတွေပေါ့နော်။ မလွတ်လပ်တဲ့ အပိုင်းလေးတွေတော့ ရှိတာပေါ့၊ အရင်တည်းက ကိုယ်က အဲ့လိုမျိုး။ မယ်ရီသာ နာမည်ကြီးတဲ့လူတစ်ယောက် မဖြစ်ခဲ့ဘူးဆိုရင် မယ်ရီက ဒီလို အလှတွေပြင် ဓာတ်ပုံတွေရိုက် ဓာတ်ပုံတွေတင် အဲ့လိုလုပ်တာကို ဝါသနာမပါဘူး။ အလှအပ ဝါသနာမပါဘူး။ သိမ်သိမ်မွေ့မွေ့နေတာတို့ ကျော့ကျော့မော့မော့ နေတာမျိုးဝါသနာမပါတဲ့ အတွက်ကြောင့် Celebrity တစ်ယောက်ပုံစံ အနုပညာရှင်တစ်ယောက်ပုံစံ ဖြစ်အောင်၊ မယ်ရီက လုပ်ယူနေရတဲ့ လူတစ်ယောက်ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အဲဒီအပိုင်းလေးတော့ ခက်ခဲတယ်။ နည်းနည်းကျဉ်းကြပ်မှုတွေတော့ရှိတာပေါ့။

မေး။ ။ ဒီအစီအစဉ် ကနေပြီးတော့ ပရိသတ်တွေ စိတ်ဝင်တစားတဲ့ မေးတဲ့ အချစ်ရေးဆိုရင်ရော။

ဖြေ။ ။ အချစ်ရေးက မယ်ရီက အခါတိုင်းလိုပဲ မယ်ရီပြောပြထားတယ်ပေါ့နော်၊ မယ်ရီအခုချိန်မှာ အရမ်း အောင်မြင်ချင်တယ်။ ဒီအချစ်ရေးပိုင်းထက် အောင်မြင်မှုကို မယ်ရီပိုပြီးတော့ အားစိုက်နေတယ်။ ဒီဟာကို မယ်ရီတွေးတယ်၊ မယ်ရီတစ်ခြားဘာမှ အဲ့လောက်ခေါင်းထဲမထည့်သေးဘူးပေါ့နော်။ မယ်ရီ အဲဒီလောက်ပြောရမယ့် အသက်အရွယ်တစ်ခုရောက်လာတယ်၊ ရောက်လာရင်တော့ မယ်ရီသေချာ အရှေ့ပိုင်းမှာ သေချာစဉ်းစားသွားမယ်၊ပြီးတော့ အဲ့ချိန်ကျရင်လည်း အားလုံးကို ပွင့်ပွင့်လင်းလင်းပဲ မယ်ရီလုပ်သွားဖို့ရှိပါတယ်။

မေး။ ။  အိမ်ထောင်ပြုဖို့တော့ အခု နှစ်ဆယ်ကျော် ဆိုတော့ နည်းနည်းတော့ လိုသေးတာပေါ့၊ ပြီးတော့ ဘယ်တော့လောက်မှာများ အိမ်ထောင်ပြုမယ်လို့ ကိုယ်က ခန့်မှန်းထားတာရော ရှိလား။

ဖြေ။ ။ ၂၇၊၂၈ ။ ၂၇ ကစောတယ်၊ အရင်တုန်း ၂၇၊  ၂၇ မရရင် ၊ ၂၇ မှာအိမ်ထောင်မပြုရရင် သွားပြီ၊ ငါအိုသွားပြီ၊ ကလေးတွေလည်း ယူရဦးမယ်။ အခုက အဲ့လိုမတွေးတော့ဘူး၊ အခုတော့ အများကြီး အလုပ်လုပ်ချင်သေးတယ်။ ပိုပြီးတော့ အောင်မြင်ချင်သေးတယ်  ၊ဆိုတော့ ၃၀ နားတောင်ကပ်သွား မယ်ထင်တယ်။
မေး။ ။ မြန်မာပြည်မှာ ကျတော့ မိန်းကလေးတွေ ဆိုလို့ရှိရင် ၂၅ လောက်ဆိုရင် အိမ်ထောင်ပြုကြ တယ်၊ အလေ့အထလေးရှိတယ်ပေါ့နော်။ အဲဒီတော့ အဲဒီအပေါ်မှာရော ညီမလေးအနေနဲ့ ဘယ်လိုမြင် သလဲ။

ဖြေ။ ။ တစ်ဖြေးဖြေးနဲ့တော့ သူတို့လည်း နည်းနည်း ပိုပိုမြင့်သွားမယ်ပေါ့။ မယ်ရီ့သိတဲ့အပိုင်းမှာ ဆိုရင်လည်း ၂၅ နဲ့ အိမ်ထောင်ပြုတယ်ဆိုလည်း ဟယ် စောလိုက်တာပေါ့၊ ၂၂ ဆိုပိုဆိုး။ အဲဒီလိုမျိုး တွေ ပေါ့နော်။ အရင်တုန်းက ဂျပန်မှာ ဆိုရင်၊ ဂျပန်တွေက သုံးဆယ်၊လေးဆယ်မှ အိမ်ထောင်ပြုတာ။  အရမ်းနောက်ကျတယ်ပေါ့။ သုံးဆယ်ဆို တော်တော်လေးနောက်ကျနေတယ်လို့ ထင်တယ်။ ဒါပေမယ့် အခုဆိုရင် ဒီမှာ  မယ်ရီတို့ အနုပညာအသိုင်းဝိုင်းမှာ စီးပွားရေးအသိုင်းဝိုင်းမှာ များသောအားဖြင့် အောင်မြင် တဲ့   မိန်းကလေးတွေက များသောအားဖြင့် နောက်ပိုင်း သူတို့ နိုင်ငံက တိုးတက်တာနဲ့ အမျှပေါ့နော်။ သူတို့အိမ်ထောင်ပြုတယ်။ အသက်ကလည်း ပိုပြီးတော့ တိုးတိုးသွားတယ်လို့ ထင်တယ်။

မေး။ ။ အဲဒီတော့ ကိုယ်ရွေးချယ်မယ့် အိမ်ထောက်ဖက်ပုံစံကရော ဘယ်လိုမျိုးဖြစ်မလဲ။

ဖြေ။ ။ ကိုယ်ရွေးချယ်မယ့် အိမ်ထောင်ဖက်ပုံစံကတော့ ကိုယ့်ကို ဦးဆောင်နိုင်ရမယ်၊ အတွေးအခေါ်ရှိရမယ်၊ အဲ့လိုမျိုး အဓိကကတော့ ဦးနှောက်ရှိရမယ်ပေါ့။ အဲ့လိုမျိုး အရည်အချင်းရှိရမယ်။ အဓိကက ကိုယ့်ကို ဦးဆောင်နိုင်ရမယ်။ ဦးဆောင်တယ်ဆိုတာ ဆရာကြီးလုပ်ခိုင်းတာမဟုတ်ဘူး။ ကိုယ်နဲ့ အတူတူပေါ့နော်။ ကိုယ့်ရဲ့မဟုတ်တဲ့ အချက်လေးတွေကို သူက ပြင်ပေးရမယ်။ သူမဟုတ်တဲ့အချက်ကို ကိုယ်ပြင်ရင်လည်း သူက လက်ခံပေးရမယ်ပေါ့နော်။ ဆရာကြီးလုပ်တဲ့ ယောက်ကျားမျိုးမလိုချင်ပါဘူး။ ဆိုတော့ အဓိက ဦးဆောင်ပေးရမယ်။ ကိုယ်နဲ့အတူတူ ဘဝကို ဖြတ်သန်းချင်တဲ့ ခံယူချက်လည်း တူရမယ်ပေါ့။ အဲ့ဒါပါပဲ။

မေး။ ။ ကိုယ်က တစ်ဦးတည်းသော သားသမီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ ခက်ခဲတဲ့ အပိုင်းရှိလား ။

ဖြေ။ ။ အချစ်နဲ့ အိမ်ထောင်ရေးမှာ ခက်ခဲတဲ့အပိုင်း ရှိလားဆိုတော့ ရှိမယ်လို့တော့ ထင်တယ် အခုကတော့ မပြောတတ်သေးဘူးပေါ့နော်၊ ဒါက အိမ်ထောင်ရေးဆိုတာကြားတော့ နှစ်ဦးနှစ်ဖက် ချစ်နေရုံနဲ့ မပြီးတော့ဘူးလေ၊ သူ့မိဘ ကိုယ့်မိဘတွေ ပါလာမယ်၊ သူ့ဘာသာ ကိုယ့်ဘာသာ၊ သူ့လူမျိုး ကိုယ့်လူမျိုး သူ့ culture ကိုယ့် culture ၊ သူ့ background ကိုယ့် background တွေပါမယ့်အခါကျ စကားပြောလာမယ်လို့ ထင်တယ်။ အဲဒီကျရင်တော့ သေသေချာချာပေါ့နော်။ အိမ်ထောင်ပြုခါနီးမှာ နှစ်ဦးနှစ်ဖက် အစုံအစုံသိကျွမ်းပြီးမှ အိမ်ထောင်ပြုချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ ဒါကတော့  အခွေလေးအကြောင်းလည်း တော်တော်လေး စုံသွားပြီ ဆိုတော့ ဒီနေ့ အစီအစဉ်ကနေပြီးတော့ နှုတ်ဆက်တဲ့အနေနဲ့ ပရိသတ်တွေကို ထပ်ပြီးတော့ ဘာတွေပြောချင်လဲ။

ဖြေ။ ။ ဟုတ်ကဲ့။ မယ်ရီကို အမြဲအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့။ မယ်ရီ အခွေလေးထဲမှာလည်း မယ်ရီကြိုက်တဲ့ သီချင်းအကြောင်းအရာလေးတွေ အများကြီးထည့်ထားတယ်။ အဲဒါကြောင့် နားထောင်ပေးကြပါဦးလို့၊ သီချင်းအေးအေးလေးတွေလည်း အများကြီးပါတယ်၊ ဆိုတော့ မယ်ရီကို အားပေးပြီးတော့ မယ်ရီရဲ့ အနုပညာနဲ့ တစ်ခြားအားလုံးပေါင်းစပ်ထားတဲ့ အနုပညာလေးကို အားပေးကြပါဦးလို့၊   မယ်ရီကို ဒီနေ့ဒီချိန်ထိ အားပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ နောက်သီချင်းလေးတွေမှာလည်း မယ်ရီပြန်တွေ့ချင်ပါတယ်လို့။ ကျေးဇူးတင်ပါတယ်ရှင်။   ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly