မိုးမိတ်တွင် ကျပ်သိန်း ၁၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ လူ ၉ ဦးအား ဖမ်းဆီး

မိုးမိတ်တွင် ကျပ်သိန်း ၁၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ လူ ၉ ဦးအား ဖမ်းဆီး
ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊ ဒီဇင်ဘာလ ၂ဝ ။             ။ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအုပ်စု၊ ရွှေသဲဝကျေးရွာရှိ နေအိမ်စျေးဆိုင်တဲမှ ကျပ်သိန်း ၁၃ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများနှင့်အတူ လူ ၉ ဦးအား ဖမ်းဆီးထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

ဖမ်းဆီးထားသူများမှာ အသက် ၃၃ နှစ်အရွယ် အားတီရှင်း(ခ) အားရှင်း၊ အသက် ၃၁ နှစ်အရွယ် မယန်းလွင် ဖန်း၊ အသက် ၂၉ နှစ်အရွယ် သန့်ဇင်ထူး၊ အသက် ၃၃ နှစ်အရွယ်  မင်းသူနှင့် အိုက်ဝှာ၊ အသက် ၃ဝ အရွယ် ယန်ဝူး၊ အသက် ၃၆ နှစ်အရွယ် အားမိုး၊ အသက် ၁၉ နှစ်အရွယ်  လင်းလက်၊ အသက် ၁၈ နှစ်အရွယ် နေလင်း တို့ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂ဝ ရက်၊ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ စျေးဆိုင်တဲမှာ အားတီရှင်း(ခ)အားရှင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ မယန်းလွင်ဖန်း တို့၏နေအိမ်စျေးဆိုင် တဲဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့၊ နံနက် ၆ နာရီခွဲခန့်အချိန်တွင် မိုးမိတ်ခရိုင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့မှ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရှာဖွေဖမ်းဆီးခဲ့ရာတွင် စျေးဆိုင်တဲ၏ အနောက်ဘက်ရှိတဲအတွင်းမှ အားတီရှင်း(ခ)အားရှင်းနှင့် မယန်းလွင်ဖန်း တို့၏အိပ်ခန်းအတွင်းနှင့် သန့်ဇင်ထူး၊ အိုက်ဝှာ၊ ယန်ဝူး၊ အားမိုးတို့ အိပ်သည့် ကွပ်ပြစ်ခြေရင်းရှိ လွယ်အိတ် အတွင်းတို့မှ မူးယစ်ဆေးဝါးများတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေရာများမှ ဆပ်ပြာခွက် (၆၂၇)ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၆ ဒသမ ၂၇၄ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၅ဝ ပြား၊ လင်းလက်၊ နေလင်းနှင့် မင်းသူတို့ အိပ်နေသည့် ခြေရင်းကော်ပုံးပေါ်ရှိ ကြွပ်ကြွပ်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,ဝဝဝ ပြားနှင့် မြန်မာငွေ ၅ရဝ,ဝဝဝ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခဲ့သည့် အဆိုပါ ၉ ဦးကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly