မလွတ်လပ် မမျှတ ရွေးကောက်ပွဲ မဖြစ်စေချင်

မလွတ်လပ် မမျှတ ရွေးကောက်ပွဲ မဖြစ်စေချင်

သမ္မတ ဦးသိန်းစိန်၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သုံးဦးက လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မည်ဟု ပြောကြဆိုကြသည်။ သို့သော် ဗိုလ်ချုပ်ကြီး များ၏ ကတိစကားများသည် သမိုင်းစဉ်ဆက် မတည်ခဲ့သောကြောင့် နိုင်ငံရေးသမားများနှင့် ပြည်သူ များသည် ယုံကြည်မှု မရှိဘဲ သံသယ ကြီးကြသည်။

လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အဓိက အချက်သုံးချက် လိုအပ်သည်။ ယင်းတို့ မှာ လက်ခံယုံကြည်ရမှု၊ တရားဝင်မှုနှင့် အားလုံး ပါဝင်နိုင်မှု ဖြစ်သည်။ လက်ခံ ယုံကြည်ရမှုကို စတင်လေ့လာ မည်ဆိုလျှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်ကို သံသယစိတ် ကဲစွာဖြင့် နိုင်ငံရေးသမားများနှင့် ပြည်သူများက စောင့်ကြည့် ဝေဖန်နေကြသည်။

ဦးတင်အေးသည် စစ်အစိုးရ လက်ထက်တွင် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်ပြီး စစ်တပ်က တည်ထောင်ခဲ့သည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) ကို ဦးဆောင် ခဲ့သူများ တွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့် ရင်းနှီးသူ သူငယ်ချင်းဖြစ်ပြီး ပြည်ခိုင် ဖြိုးအမတ်မှ ရုတ်ချည်းနုတ်ထွက်၍ ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာသူ ဖြစ်သည့်အပြင် ကော်မရှင် အဆင့် ဆင့်တွင် လည်းစစ်တပ်မှ အရာရှိများကို ခန့်အပ်ထားသူ ဖြစ်သည်။

တရားဝင်မှုကို ကြည့်လျှင် အတိုက်အခံပါတီ (အင်န်အယ်လ်ဒီ) အနိုင်ရမှ ပြည်တွင်းပြည်ပက တရားဝင် အသိအမှတ်ပြုသော ရွေးကောက်ပွဲ ဖြစ်မှာလားဆိုသည့် မေးခွန်းမျိုးကို စစ်အုပ်စုက မေးခဲ့ ဖူးသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အာဆီယံ စသည့် နိုင်ငံတကာက အနီးကပ်စောင့်ကြည့်လေ့လာနေ သည့်အပြင် ပြည်တွင်းက လည်းရွေးကောက်ပွဲစောင့် ကြည့်ရေး အဖွဲ့အစည်းမျိုးစုံက စောင့်ကြပ် စစ်ဆေးကြမည်ဖြစ်ရာ ရွေးကောက်ပွဲ ကော်မရှင်၏ မည်၍မည်မျှ မျှတအောင် ဆောင်ရွက်မည်နည်း မေးခွန်းပေါ်တွင် တရားဝင်မှု၏ အဖြေသည် ပေါ်ထွက်လာ မည်ဖြစ်သည်။

အားလုံး ပါဝင်နိုင်မှုသည် လတ်တလောတွင် ပွက်လောအရိုက်ဆုံး ဖြစ်နေသည်။ မဲစာရင်းများ အကြိမ်ကြိမ် ထုတ်ပြန်တိုင်းတွင် မဲစာရင်း၌ အမည်မပါဝင်မှု၊ စာလုံးပေါင်း သတ်ပုံနှင့် အချက်အလက်များ မှားယွင်းနေမှု၊ ကွယ်လွန်ပြီးသူများ ပါဝင်နေမှု၊ စစ်တပ် အရွှေ့အပြောင်းများနှင့် မည်သူမည် ဝါ မှန်း မသိရသည့် နောက်တိုး မဲစာရင်းများ ပါဝင်လာမှုတို့သည် မဲဆန္ဒရှင် ပြည်သူများနှင့် ပတ်သက်၍ အားလုံးပါဝင်မှုနှင့် ဆက်စပ်ပြီး သံသယဖြစ်စရာ မေးခွန်းထုတ်စရာများ ဖြစ်နေပေသည်။

ထို့ပြင် ပြည်သူ့ ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးချယ်ခံ ပိုင်ခွင့်တွင်လည်း ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်အေး ပါတီဝင် ဖြစ်ခဲ့ဖူးသော ပြည်ခိုင်ဖြိုးဘက်မှ တစ်ဦးတစ်ယောက်မှ ပယ်ဖျက် ကန့်သတ်ခြင်း မခံရဘဲ အတိုက်အခံပါတီ အပါအဝင် ပါတီအများအပြားမှ ကိုယ်စားလှယ်လောင်း များမှာ ကန့်သတ် ခံနေရသည်၊ ဖြုတ်ချ ခံနေရသည်။ ရွေးကောက်ပွဲနိုင်ချေ မြင့်မားသည်ဟု ယူဆ ခံရသော အတိုက်အခံ ပါတီ အင်န်အယ်လ်ဒီဆိုလျှင် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြုတ်ချခံရတိုင်း မပြိုင်မီက ရှုံးနှင့် နေသကဲ့သို့ ဖြစ်ပေသည်။

ဘင်္ဂါလီ ကိုယ်စားလှယ်လောင်းများဆိုလျှင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ အချက်အလက် များနှင့် ညှိစွန်းသည်ဆိုပြီး အရေအတွက် အများအပြား ဖြုတ်ချခံရချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်လောင်းဖြစ်သော လက်ရှိ ပြည်ထောင်စုဝန်ကြီး တစ်ဦးမှာ တရုတ်နိုင်ငံသား မိဘများမှ မွေးဖွား သူ ဖြစ်ပါလျက် ယနေ့တိုင် ကိုယ်စားလှယ်လောင်း ဖြစ်နေဆဲ၊ ဖြုတ်ချမခံရဘဲ ရှိနေသည်ဖြစ်ရာ အားလုံး ပါဝင်မှုတွင် မညီမျှချက်များ ရှိနေသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများကို မျက်မှောက်ပြုထားသော တိုင်းပြည်နှင့် လူထုအ ကျိုးရည် ဆောင်ရွက်လိုကြသည့် နိုင်ငံရေးသမားများသည် လည်းကောင်း၊ ရွေးကောက်ပွဲ ဝင်ကြမည့် ပြည်သူ့ ကိုယ်စားလှယ်လောင်းများသည် လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူများသည် လည်းကောင်း အစိုးရနှင့် စစ်တပ်တို့ ကျောထောက်နောက်ခံဖြင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင် ကျင်းပ ပေးမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပေါ် သံသယ ကြီးနေကြသည်ဖြစ်ရာ ယင်းသံသယကို ရိုက်ချိုးနိုင်ရေးမှာ မလွတ်လပ် မမျှတသည့် ရွေးကောက်ပွဲ မဖြစ်စေဘဲ သမိုင်းမှတ်တိုင်သစ် စိုက်ထူပေးနိုင်အောင် ကြိုးပမ်းကြရုံသာ ရှိသည်ဟု မဇ္ဈိမက ရှုမြင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly