လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့စကားပြေအရေးအသား အမှားပြဿနာ

အခုဆိုရင် စာပိုဒ်များအကြောင်း ပြောလာကြတာ ပြည့်စုံလုနီးပါး ရှိလာပါပြီ။

စကားပြေအရေးအသားအကြောင်း ဆက်တိုက်ပြောလာနေတာမို့ အပြောင်းအလဲဖြစ်ရအောင် ခရီးသွားဆောင်းပါးတချို့ တင်ပေးဖို့တော့ ရှိပါသေးတယ်။  ဒါပေမယ့် ပြောတဲ့အကြောင်းအရာတွေအဆက်အစပ်မဲ့ ပြတ်တောက်မသွားဖို့အတွက် စာပိုဒ်များအကြောင်းကိုပဲ နည်းနည်းတော့ ဆက်ပြောရပါအုန်းမယ်။
ဒီကနေ့ စတင်ဆွေးနွေးမယ့့်အကြောင်းအရာက မနေ့တုန်းက စကားစထားခဲ့တဲ့အတိုင်း “နှိုင်းယှဉ်မှု” စာပိုဒ်အမျိုးအစားအကြောင်းပါပဲ။

အကြောင်းအရာပဲဖြစ်စေ အရာဝတ္ထုတစ်ခုကိုပဲဖြစ်စေ အခြားအရာဝတ္ထု ဒါမှမဟုတ် အခြားအကြောင်းအရာတစ်ခုခုနဲ့ တူညီချက်ကိုပြလိုတဲ့အခါပဲဖြစ်ဖြစ် မတူညီတာကိုပြလိုတာပဲဖြစ်ဖြစ် ထင်ရှားသိသာစေလိုပဲဖြစ်ဖြစ် အခြားအရာတစ်ခုခုနဲ့ နှိုင်းယဉ်ပြတဲ့စာပိုဒ်မျိုးကို ဆိိုလိုတာပါပဲ။ ဥပမာ တူညီတာကိုထင်ရှားစေချင်တဲ့အခါ လေယာဉ်ပျံနဲ့ ငှက်နဲ့ နှိုင်းယှဉ်ပြတာမျိုး၊ မတူညီတာကို ထင်ရှားစေလိုတဲ့အခါ အဲဒီလေယာဉ်ပျံကိုပဲ ရထားနဲ့နှိုင်းယှဉ်တာမျိုးပါပဲ။

ဥပမာ နုပျိုသစ်လွင်သည့် မင်းသားလေးတစ်ပါးကို သူစီးလာသည့် အင်မတန်သန်မာတက်ကြွလှပတဲ့မြင်းနဲ့ နှိုင်းယှဉ်ရေးသားခြင်းမျိုးဟာ နှိုင်းယှဉ်မှုစာပိုဒ်ပါပဲ။ မင်းသားလေး၏ အသားအရေသည် စိုပြေဝင်းပနေသလို သူစီးလာသောမြင်းသည်လည်း အသားအရေ တင်းရင်းလတ်ဆတ်နေပုံ၊ မင်းသားလေး၏ ထုံးထားသောဆံထုံးမှာ နက်မှောင်သန်မာနေသလိုလိုသူစီးလာသောမြင်း၏ လည်ဆံမွေးများက လွင့်ဝဲဖါးလျားကျကာ ရှည်လျားနေပုံ၊ မင်းသားလေး၏ ဟန်ပန်မှာ ခေါင်းကိုမော့ ရင်ကိုချီထားသလို သူစီးလာသည့်မြင်းမှာလည်း အရှိန်နှင့် လေထဲသို့ ခုန်တက်တော့မလို…အစရှိသဖြင့် တူညီသည့်အချက်များကို တစ်ခုချင်းစီ အသေးစိပ်ရေးပြခြင်းဖြင့် တူညီမှုကို ပိုပြီးထင်ရှားစေတဲ့စာပိုဒ်အမျိုးအစားဟာ နှိုင်းယှဉ်မှုစာပိုဒ်ပါပဲ။

မတူညီမှုကို ထင်ရှားစေလိုတဲ့အခါ ဠင်းတ နဲ့ ဥဒေါင်းငှက် နှိုင်းယှဉ်ပြသလိုမျိုးပါပဲ။ ဒီလို တူညီမှုကိုထင်ရှားဖို့ သဘောသဘာဝတူညီတဲ့ အခြားအရာနဲ့နှိုင်းယှဉ်ပြတာမျိုး၊ မတူညီမှုကိုထင်ရှားဖို့ သဘောသဘာဝခြားနားတဲ့အရာနဲ့ နှိုင်းယဉ်ပြပြီးရေးတဲ့စာပိုဒ်ဟာ နှိုင်းယှဉ်ပြစာပိုဒ်ပါင်ပဲ။

ကဲ နောက်ထပ်စာပိုဒ်အမျိုးအစားတစ်ခု ဆက်ပြောရမယ်ဆိုရင် “အဓိပ္ပါယ်ဖွင့်စာပိုဒ် ”ဖြစ်ပါတယ်။ စကားလုံးတစ်လုံးဖြစ်စေ၊ သဘောတစ်ရပ်ရဲ့ အဓိပ္ပါယ်ကိုဖြစ်စေ အသေးစိပ်အကျယ်ချဲ့ရှင်းလင်းပြဆိုတဲ့စာပိုဒ်မျိုးဟာ အဓိပ္ပါယ်ဖွင့်ဆိုစာပိုဒ်ပါပဲ။

ဒီနေရာမှာ စည်းစည်းလုံးလုံးနဲ့ အတိုချုပ်ပြီး ခတ်ရိုးရိုး ပုံမှန်ဖွင့်ဆိုတာမျိုးရှိသလို ခြားနားချက်တွေနဲ့ နှိုင်းယှဉ်ဖွင့်ဆိုပုံမျိုး၊ သွင်ပြင်လက္ခဏာတွေကို ရှင်းလင်းဖွင့်ဆိုတာမျိုးရယ်လို့ ရှိပါတယ်။ ဆိုလိုတာကတော့ ခတ်ရိုးရိုးဖွင့်ဆိုပုံမျိုးကိုပြောရမယ်ဆိုရင် ကဗျာဆိုသည်မှာ ရင်ခုန်သံကိုဖေါ်ပြသောအကြောင်းအရာဖြစ်သည် ဆိုတဲ့ဝါကျဟာ ကဗျာရဲ့အဓိပ္ပါယ်ကို တိုတိုတုတ်တုတ် အကျဉ်းချုပ်ခတ်ရိုးရိုးဖွင့်ဆိုတာမျိုးရှိသလို ကဗျာဆိုသည်မှာ ပုံသဏ္ဍာန်အမျိုးမျိုးရှိကြောင်း၊ ကဗျာဆိုတာ ရသအမျိုးမျိုးကို ဖေါ်ပြနိုင်စွမ်းရှိတဲ့ အနုပညာအမျိုးအစားဖြစ်ကြောင်း၊ ကဗျာဆိုသည်မှာ ရင်ထဲနှလုံးသားထဲက အစရှိသဖြင့် အကျယ်တဝင့် ကဗျာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အသေးစိပ်ရှင်းလင်းပြဆိုတာမျိုးဟာ အဓိပ္ပါယ်ဖွင့်ဆိုပြ စာပိုဒ်ပါပဲ။

နောက်ထပ် ဥပမာပြောရမယ်ဆိုရင် လူသည် အသိညာဏ်အကြွယ်ဝဆုံး သတ္တဝါအမျိုးအစားဖြစ်သည်ဆိုတဲ့ ခတ်ရိုးရိုးခတ်တိုတို အဓိပ္ပါယ်ဖွင့်ဆိုပုံမျိုးရှိသလို လူဆိုသည်မှာသက်ရှိသတ္တဝါများထဲတွင် အခြားသတ္တဝါအမျိုးအစားများနဲ့မတူ အသိညာဏ်ပိုမိုထူးခြားထက်မြက်သည့် သက်ရှိသတ္တဝါအမျိုးအစားဖြစ်ကြောင်း၊ လူသည် ယဉ်ကျေးမှုဟုခေါ်သည့်အရာမျိုးကို တီထွင်ထားရှိကျင့်ကြံတတ်ကြောင်း၊ သူ့ထက် အဆပေါင်းများစွာကြီးသည့် အခြားသောသတ္တဝါမျိုးကို လိုသလိုခိုင်းစေနိုင်စွမ်းရှိကြောင်း၊ သဘာဝတရားကြီးကိုပင်လျင် သူ့အကျိုးအတွက် နဖါးကြိုးထိုး ခိုင်းစေနိုင်စွမ်းရှိကြောင်း အကျယ်တဝင့် လူ၏အဓိပ္ပါယ်ကို ဖွင့်ဆိုပြသောစာပိုဒ်မျိုးပါပဲ။

ဒီလိုစာပိုဒ်မျိုးကြောင့် လူရဲ့အဓိပ္ပါယ်ကို ပိုမိုသိသာထင်ရှားလာစေပြီး လူကို အခြားသတ္တဝါတွေနဲ့မတူဆိုတဲ့အချက်နဲ့ လူဟာ အခြားသတ္တဝါတွေထက်ပိုပြီး ထူးခြားထက်မြက်သူဖြစ်တယ်ဆိုတဲ့အချက်ကို ပေါ်လွင်လာစေတဲ့သဘောပါပဲ။
ကဲ စာပိုဒ်များအကြောင်း ပြန်ပြီးနိဂုံးချုပ်ကြရအောင်ပါ။

စာပိုဒ်အမျိုးမျိုး ရှိပါတယ်။ ဖြစ်စဉ်ပြစာပိုဒ်၊ “သရုပ်ဖေါ်စာပိုဒ”်၊ “သာဓကပြစာပိုဒ်”၊ “အမျိုးအစားပြစာပိုဒ်”၊ “နှိုင်းယှဉ်မှုစာပိုဒ”်၊ “အဓိပ္ပါယ်ဖွင့်ဆိုမှုစာပိုဒ်” ဆိုပြီး စာပိုဒ်အမျိုးအစား အများအပြားရှိတဲ့အကြောင်း ကျနော်တို့ပြောခဲ့ကြပြီးပါပြီ။

အဲဒီစာပိုဒ်အမျိုးအစားအသီးသီးကို တစ်ခုချင်းစီ အဓိပ္ပါယ်ရှင်းလင်းလေ့လာခဲ့ကြပြီးပါပြီ။ တကယ်တော့ “စကားလုံးများ”အကြောင်း “၀ါကျများ”အကြောင်း “စာပိုဒ်များ”အကြောင်း လေ့လာကြတယ်ဆိုတာ စာပေပညာရပ်တစ်ခုရဲ့ အခြေခံအချက်များကို လေ့လာခြင်းသဘောပါပဲ။

ဒီလိုလေ့လာခြင်းဟာ ကျနော်တို့ကိုယ်တိုင် စာပေလေ့လာသူအဖြစ်ကနေပြီး စာရေးသူတစ်ဦးဖြစ်လာဖို့အထိ ထိရောက်တဲ့ အဆင့်ကို ရောက်လာစေမှာပါပဲ။ ဒီအတိုင်း ကိုယ်ရေးချင်တာတစ်ခုခုကို ကိုယ်ထင်သလို ချရေးနေသူနဲ့နှိုင်းယှဉ်ရင် လိုအပ်သလိုလေ့လာပြီးမှ စာချရေးတဲ့သူဟာ ပထမ အမှားနည်းစေမှာဖြစ်ပြီး ဒုတိယ စာရေးကျွမ်းကျင်သူ မလွဲမသွေဖြစ်လာပါလိမ့်မယ်။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။ နောက်နေ့တွေမှာ ပြန်ဆုံကြသေးတာပေါ့။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly