တတိယမြောက် ကနေဒါနိုင်ငံသားကို ဖမ်းထားတယ်ဆိုတာကို မသိရကြောင်း တရုတ် ငြင်းပယ်

တတိယမြောက် ကနေဒါနိုင်ငံသားကို ဖမ်းထားတယ်ဆိုတာကို မသိရကြောင်း တရုတ် ငြင်းပယ်
Photo: EPA

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ။       ။ တရုတ်နိုင်ငံမှာ တတိယမြောက် ကနေဒါနိုင်ငံသားကို ဖမ်းထားတယ်ဆိုပြီး ကနေဒါသတင်းစာတစ်စောင်က ဗုဒ္ဓဟူးနေ့မှာ သတင်းရေးသား ဖော်ပြပေမယ့် တရုတ်နိုင်ငံကတော့ ဒီလို ဖမ်းဆီးထားတယ်ဆိုတာကို မသိကြောင်း ငြင်းပယ်ထားပါတယ်။

တရုတ် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီး ဟွာဝေးက အမှုဆောင်ကို အမေရိကန် မေတ္တာရပ်ခံချက်နဲ့ ကနေဒါက ဖမ်းဆီးလိုက်ပြီးနောက်မှာ နှစ်နိုင်ငံကြား သံတမန်တင်းမာမှု ဖြစ်ပေါ်နေချိန်မှာ ခုလို သတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

တရုတ်မှာ တတိယမြောက် နိုင်ငံသားတစ်ဦး ဖမ်းဆီးခံထားရတယ်ဆိုတာကို ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက သိရှိထားကြောင်း National Post သတင်းစဟာ ဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူတစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြခဲ့တာပါ။

အဲဒီ ပြောရေးဆိုခွင့်ရှိသူဟာ နောက်ထပ်အသေးစိတ်ကို ပြောကြားခြင်း မရှိသလို ဟွာဝေးက ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် မန်ဝန်ကျို့ကို ကနေဒါက ဖမ်းဆီးတာနဲ့ ပတ်သက်မှု ရှိမရှိကိုလည်း ပြောဆိုခြင်း မရှိခဲ့ပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွင်ရင်းကတော့ တတိယမြောက် ကနေဒါနိုင်ငံသားကို ဖမ်းဆီးထားတယ်ဆိုတာကို မကြားမသိပါကြောင်း ပုံမှန်သတင််းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မကြာသေးမီက တရုတ်နိုင်ငံဟာ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်တယ် စွဲဆိုချက်နဲ့ ကနေဒါနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်က ဟွာဝေးအရာရှိ မန်ဝန်ကျို့ကို ကနေဒါက ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး လက်တုံ့ပြန် ဖမ်းဆီးတာလို့ ထင်မြင်ယူဆချက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly