မြိတ်ဘဏ်ခွဲတစ်ခု၌ ငွေလာလွှဲသူတစ်ဦးတွင် တစ်သောင်းတန်အတုများ ပါနေ၍ ဖမ်းဆီး

မြိတ်ဘဏ်ခွဲတစ်ခု၌ ငွေလာလွှဲသူတစ်ဦးတွင် တစ်သောင်းတန်အတုများ ပါနေ၍ ဖမ်းဆီး

မြိတ်၊ ဒီဇင်ဘာ ၁၉ ။       ။ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ဧရာဝတီဘဏ်ခွဲ (၁) တွင် ဘဏ်အကောင့်တစ်ခုသို့ ငွေကျပ် ၁၀ သိန်း လာလွှဲသူ အမျိုးသား ၁ ဦးထံမှ ငွေစက္ကူအတုအချို့ တွေ့ရှိခဲ့၍ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်နေ ဦးစောဝင်းနိုင် အသက် (၆၃) နှစ်၊ (ဥယျာဉ်ခြံ) လုပ်သူသည်၊ ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီ ဘဏ်ခွဲ (၁) ၌ ငွေစက္ကူ ၁၀၀၀၀ တန်ဖြင့် လာရောက် လွှဲရာမှ ဘဏ်ဝန်ထမ်းများက စစ်ဆေးရာ အရွက် ၅၀ မှာ ငွေစက္ကူအတုများ ဖြစ်နေကြောင်း ဘဏ်ဝန်ထမ်းများ၏ ပြောပြချက်အရ သိရကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။

ထွက်ဆိုချက်အရ ဦးစောဝင်းနိုင်က လွန်ခဲ့သော ၂ လခန့်က ကား ၁ စီးအား ဝယ်ယူခဲ့ရာတွင် ငွေပေးချေရန် ကျန်ရှိသည့် ငွေကျပ် ၁၀ သိန်းအား လှိုင်သာယာမြို့နယ်နေ ကားပွဲစားနှင့် အငှားယာဉ်မောင်းနှင်သူ ဦးမင်းမင်းဇော် (စိစစ်ဆဲ) ၏ဘဏ်အကောင့်သို့ လာရောက်လွှဲပို့စဉ် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူ အတု ၅၀ ရွက်အား တွေ့ရှိရ၍ ဘဏ်မန်နေဂျာ ဒေါ်ယုဝေက မြိတ်မြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေလာလွှဲပို့ရာတွင်  ငွေစက္ကူ အတုများပါလာသူ ဦးစောဝင်းနိုင်အား မြိတ်မြို့မရဲစခန်းမှ( ပ) ၂၀၂၂/ ၂၀၁၈၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ ဖြင့် အရေးယူထားကြောင်း သိရသည်။ 

အဆိုပါငွေစက္ကူများ မည်သည့်နေရာမှ ရရှိသည်ကို ရဲစခန်းမှ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly