တရားမဝင်မြန်မာအလုပ်သမား ၁၀၀ နီးပါးကို ထိုင်းဘက်မှ ကော့သောင်းနယ်စပ်ဂိတ်သို့ ထပ်မံပြန်ပို့

တရားမဝင်မြန်မာအလုပ်သမား ၁၀၀ နီးပါးကို ထိုင်းဘက်မှ ကော့သောင်းနယ်စပ်ဂိတ်သို့ ထပ်မံပြန်ပို့

ကော့သောင်း၊ ဒီဇင်ဘာ ၁၉ ။      ။ ထိုင်းနိုင်ငံ၌ တရားမဝင် သွားရောက်ပြီး အလုပ်လုပ်ကိုင်နေသာ ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေ ၁၀၀ နီးပါးကို ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ရနောင်းမြို့ နယ်ခြားဆက်ဆံရေးရုံးမှ ထပ်မံ၍ လာရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက“ထိုင်းနိုင်ငံထဲမှာ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေပါ၊ ဟိုဘက်မှာ သူတို့ အချုပ်ရက်စေ့ပြီး ပြန်လွှတ်လာတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်၊ အမျိုးသား ၈၆ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၉၉ ဦးကို ရနောင်းမြို့ နယ်ခြားဆက်ဆံရေးရုံးက ထပ်မံ လာရောက် ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြန်မာအလုပ်သမား ၄၀ ဦးကျော် လာရောက် ပို့ဆောင်ပေးခဲ့ပြီး၊  လက်ရှိမှာ ဒုတိယအကြိမ် ထပ်မံ၍ ထိုင်းအစိုးရမှ ဖမ်းဆီးခံထားရသည့် အချုပ်ရက်စေ့ ပြန်လွှတ် အလုပ်သမားများကို နယ်စပ်ဂိတ်သို့ လာရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

“နယ်စပ်ဂိတ်ကို လာရောက် ပို့ဆောင်ပေးခဲ့တဲ့ ကိုယ့်မြန်မာအလုပ်သမားတွေကို ကျွန်တော်တို့ အဖွဲ့စည်းအစုံနဲ့ လက်ခံပေးပြီးတော့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးခြင်း၊ ထိုင်းဘက်မှာ အလုပ်အားခတွေ အပြည့်အဝ ရ၊ မရ မေးမြန်းပြီး၊ လိုအပ်တဲ့ အကူအညီပေးပြီးတော့ နေရပ်အသီးသီးကို ပြန်လည် ပို့ဆောင်ပေးခဲ့တယ်”ဟု အုပ််ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောဆိုသည်။

ထိုင်း- မြန်မာ ကော့သောင်း နယ်စပ်ဂိတ်တွင် ယခုရက်ပိုင်း တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ မကြာခဏ ဝင်ရောက်လာနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly