ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဆိုင်ခန်းများကို ရေသုံးစွဲခ တစ်ယူနစ်လျှင် ၁၅၀၀ ကျပ်ဖြင့် ဖြန့်ဖြူးနေ

By အဂ္ဂနွန်
19 December 2018
ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဆိုင်ခန်းများကို ရေသုံးစွဲခ တစ်ယူနစ်လျှင် ၁၅၀၀ ကျပ်ဖြင့် ဖြန့်ဖြူးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ။             ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဆိုင်ခန်းများအတွက် ရေသုံးစွဲခ တစ်ယူနစ်လျှင် ၁၅၀၀ ကျပ် ဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ဂေါပကအဖွဲ့ ရေ၊ မီး တာဝန်ခံ ဦးကျင်ထွန်းက မဇ္စျိမသို့ ပြောသည်။

ဆိုင်ခန်းများ ရေပေးရာတွင် ပိုက်လိုင်းနှင့် ရေမီတာတပ်ဆင်ကာ ထမင်းဆိုင်ခန်းအတွက် ရေ တစ်ယူနစ်လျှင် ၁၅၀၀ ကျပ်၊ ရေချိုးဆိုင် ရေတစ်ယူနစ် ၁၀၀၀ ကျပ်နှုန်းထားဖြင့် ဖြန့်ဖြူးလျက်ရှိကြောင်း ရေ၊ မီး တာဝန်ခံ က ဆိုသည်။

“ ထမင်းဆိုင်တန်းကြတော့ ၁၅၀၀၊ ရေချိုးဆိုင်က ၁၀၀၀၊ နှုန်းထားတော့ အပြောင်းအလဲ မရှိဘူး။ ပုံသေပဲ။ သူတို့ သက်သာအောင် ရေချိုးဆိုင်ကျတော့ ရေကန်ဘေးနားမှှာ ဂေါပကဘုရားကို ပေးတဲ့ရေနဲ့ သုံးရတဲ့အတွက် နီးတော့ သက်သာတယ်။” ဟု ၎င်းက ပြောသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် ရေသုံးစွဲရန် မိုးပေါ့ချောင်းမှ တဆင့် သိုလှောင်ကန် ၁၊ကန် ၂၊ ကန် ၃၊ ကန် ၄ သို့ ရေတင်ပြီး တောင်ပေါ်ဆိုင်ခန်းများကို ရေဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။

လက်ရှိတွင် ဆိုင်ခန်းများ ဖြန့်ဖြူးနေသည့် သုံးစွဲရေကို သန့်ရှင်းမှုရှိစေရန် အမှိုက်သန့်စင်စက် တည်ဆောက်လျက်ရှိပြီး ဒီဇင်ဘာလကုန်ခန့် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း ရေ၊ မီး တာဝန်ခံ ဦးကျင်ထုံက ပြောသည်။

“ရေလှောင်တာမံတစ်ခုလုံး ရေသန့်စင်ဖို့ အမှိုက် သန့်စင်စက်ပေါ့နော်။ အခုတည်ဆောက်နေတယ်။ ဒီဇင်ဘာလကုန်လောက် ပြီးမယ်။ အရင်တုန်းက ဒီစက်မရှိဘူး ။ ဒီနှစ်မှ ကျွန်တော်တို့တည်ဆောက်တယ်။”ဟု ၎င်းက ဆိုသည်။

ယခုလက်ရှိတွင် ထမင်းဆိုင် ၁၈ ဆိုင်နှင့် ရေချိုးဆိုင် ၂ ဆိုင် ကို ရေဖြန့်ဖြူးလျက်ရှိကြောင်း ကျိုက်ထီးရိုးဂေါပက ဥက္ကဋ္ဌ ဦးထွန်းမြင့်က ပြောသည်။

“ရေကတော့ လုံးဝပြတ်သွားတာမျိုးတော့မရှိဘူး။ သိပ်အလုံအလောက်ကြီးလည်း မဟုတ်ဘူး။ ချိုသာရတာပေါ့။ စည်းမဲ့ကမ်းမဲ့သုံးလို့မရဘူးပေါ့နော်။” ၎င်းက ပြောဆိုလိုက်သည်။

နွေရာသီရောက်သည့်အခါတွင် ကျိုက်ထီးရိုးတောင်ပေါ်တွင် ရေပြတ်လပ်မှုမရှိစေရန် ရေသုံးစွဲသည့်နေရာတွင် စည်းကမ်းရှိရန်လိုကြောင်း ဂေါပကဥက္ကဋ္ဌက ဆိုသည်။

 ဒီဇင်ဘာ၊ ဇန်နဝါရီကာလများသည် ပွင့်လင်းခရီးသွားရာသီ ဖြစ်ပြီး ကျိုက်ထီးရိုးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ လာရောက်လေ့ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly