တိမ်တွေဆီကို သွားမယ့် တေးသံရှင် ချာချာ

တိမ်တွေဆီကို သွားမယ့် တေးသံရှင် ချာချာ

ရန်ကုန် ဒီဇင်ဘာ ၁၉ ။             ။ တေးသံရှင် ချာချာဟာ သူရဲ့ဒုတိယမြောက် တေးစီးရီးဖြစ်တဲ့ တိမ်တွေဆီသွားမယ်လို့ အမည်ပေးထားတဲ့ အယ်လ်ဘမ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ orchid ဟိုတယ်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီတေးစီးရီးမှာပါဝင်တဲ့ သီချင်းတွေကို သုခမိန်လှိုင် ၊ ဟဲလေး  ၊ ဝေကြီး ၊ ရွှေထူး၊ လင်းနစ်၊ ဆလိုင်း၊ ဥဂါ္ဂ၊ Glock၊ ပိုင်ကြီး စတဲ့ တေးရေးဆရာတွေက ရေးသားပေးထားပြီး တေးသီချင်း ၁၃ ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီ တေးစီးရီးမှာ တေးသံရှင် ရွှေထူး ၊ ကေကေမိုးနဲ့ ဇွန်ယံဝေ တို့ကလည်း ပါဝင်အားဖြည့် သီဆိုထားတယ်လို့ သိရပါတယ်။

"  အခွေလုပ်တယ်ဆိုတာလဲ ဒီအခွေကနေ ပိုက်ဆံပြန်မရနိုင်တော့ဘူးလေ။ ဒီခေတ်ကြီးမှာက ပြန်လည်း မရနိုင်တော့ဘူး။ သူဌေးလဲ ဖြစ်မှာ မဟုတ်ဘူး။ အခွေထုတ်ပြီးတာနဲ့ ပလုံပဲ။ကိုယ်လုပ်ချင်တဲ့ ကိုယ်ဝါသနာတာကို ကိုယ့်စိတ်ကြိုက်ဖန်တီးပြီး ချပြခွင့်ရတာကိုပဲကျေနပ်နေရတဲ့ အဆိုတော်တွေ ဖြစ်နေတာပေါ့နော်။ "လို့ တေးသံရှင် ချာချာက ပြောပါတယ်။

တိမ်တွေဆီသွားမယ်ဆိုတဲ့ ချာချာရဲ့ ဒုတိယမြောက် တေးစီးရီးကို ဒီဇင်ဘာ ၂၂ ရက်နေ့ကနေ စတင်ပြီး Bo Bo music production ကနေ ဖြန့်ချိသွားမှာဖြစ်ပါတယ်။

" ဒီအခွေထဲမှာ သီချင်းဟောင်းလေး နှစ်ပုဒ်ပါတယ်။ ကိုဟဲလေးရေးထားတဲ့ မျက်စိမှိတ်ချစ်နေမယ်။နောက်တစ်ပုဒ်က အန်တီ ယံယံရေးထားတဲ့ သိပ်ချစ်မိတယ်ဆိုတဲ့ သီချင်းပေါ့။ သီချင်းကို အဲ့ဒီအတိုင်းလေးပဲ အဲဒီခေတ်ကလူတွေ ပြန်နားထောင်ရင် ကြိုက်အောင် ပြန်ဆိုထားတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အရင်အရသာလေးလည်း မပျောက်သွားစေချင်ဘူး။  " လို့ တေးသံရှင် ချာချာက ဆိုပါတယ်။

‌အဆိုပါအယ်လ်ဘမ်ကို Runner band , Triangle band , Hybird band,  ဝေကြီး  ဇေထူးအောင်   နဲ့  Glock တို့က ပါဝင်တီးခတ်ပေးထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly