ချောင်းများအတွင်း ကျောက်စရစ်ထုတ်လုပ်ခွင့်ပြုရန် လျှောက်ထားမှု များပြားလာ

ချောင်းများအတွင်း ကျောက်စရစ်ထုတ်လုပ်ခွင့်ပြုရန် လျှောက်ထားမှု များပြားလာ

မကွေး၊ ဒီဇင်ဘာ ၁၉ ။              ။ မကွေးတိုင်းဒေသကြီး၌ ချောင်းများအတွင်းမှ ကျောက်စရစ်ထုတ်လုပ်ခွင့်လျှောက်ထားမှုအခြေအနေမှာ (၄)နှစ်တာ ကာလအတွင်း ၅ဆနီးပါးခန့် များပြားလာကြောင်း မကွေးတိုင်းဒေသကြီးရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ သိရသည်။

“၂၀၁၅-၁၆ဘဏ္ဍာနှစ်မှာ ချောင်းကျောက်စရစ်ထုတ်လုပ်ခွင့် လျှောက်ထားတာ ၁၆ဦးပဲရှိတယ်။ ၂၀၁၆-၁၇ မှာ ၂၅ ဦး ၊ ၂၀၁၇-၁၈ မှာ ၃၉ဦး ထိ တိုးလာတယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြား ၇၅ဦးထိ လျှောက်ထားလာပါ တယ်။ ၄နှစ်အတွင်း ငါးဆနီးပါး ပိုတိုးပြီးလျှောက်ထားလာပါတယ်” ဟု မကွေးတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဦးဇော်လွင် က ပြောသည်။

မြစ်အတွင်း ကျောက်စရစ်ထုတ်လုပ်ရန်လျှောက်ထားမှုမှာလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် (၈၉)ဦး ၊ ၂၀၁၆-၂၀၁၇ တွင် (၁၅၉)ဦး ၊ ၂၀၁၇-၂၀၁၈ တွင် (၂၂၂)ဦးထိ တိုးလာနေကြောင်း ၊ လတ်တလောတွင် မြစ် ကျောက်စရစ်ထုတ်လုပ်ခွင့်လုပ်ကွက်အနေဖြင့် (၁၇)ဦးသာ ခွင့်ပြုပေးထားကြောင်း ဌာန၏မှတ်တမ်းများအရ သိရသည်။

မကွေးတိုင်းဒေသကြီးရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လျှောက်ထား လာမှု များနှင့်ပတ်သက်၍ သရက်ခရိုင် စစ္စရံနယ်စပ်မှ အထက်ဘက် မိချောင်းရဲနယ်အထိ ကွင်းဆင်းတိုင်းတာမှုများ လုပ်ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။

ကျောက်စရစ်ထုတ်လုပ်ခွင့်ကို ရေကြောင်းမြေပုံများအရ နုန်းအနည်များစုပုံနေသော ရေစီးကြောင်းအရ စုပ်ထုတ်ရန်လိုအပ်သည့် နေရာများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စိစစ်ထောက်ခံချက်ဖြင့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ငန်း လိုင်စင်ချထားပေးကြောင်း ၊ သတ်မှတ်လုပ်ကွက်နေရာတွင်သာမက ကျောက်စရစ်ထုတ်ယူနိုင်သည့် အခြားနေရာများသို့ တရားမဝင်ပြောင်းရွှေ့လုပ်ကိုင်မှသာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်ရကြောင်း တိုင်းဦးစီးမှူးဦးဇော်လွင်ထံမှ သိရသည်။

“ချောင်းတွေမှာ သဲတို့ ကျောက်စရစ်ထုတ်တာတွေ အရင်နဲ့စာရင် အခုလုပ်ကိုင်နေကြတာ များလာတယ်။ သဘာဝဝန်းကျင်မထိခိုက်ရအောင် ကမ်းပါးတွေမပြိုအောင် တာဝန်ရှိသူတွေ သေသေချာချာကွင်းဆင်း လေ့လာပြီးမှ လုပ်ကွက်ချပေးစေချင်ပါတယ်။ အရင်ကဆို လုပ်ကွက် ၁ခုဗန်းပြပြီး ကြိုက်တဲ့နေရာလုပ်ကြတော့ ဆိုးကျိုးများခဲ့တယ်။ ဒါမျိုးတွေ မဖြစ်စေချင်ဘူး”ဟုသရက်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ကျောက်စရစ်ထုတ်လုပ်ခွင့်လျှောက်ထားမှုများကို လုပ်ကိုင်ခွင့် ချထားပေးရာတွင် ဘဏ္ဍာအခွန်တစ်ခုတည်းကို သာ မကြည့်သင့်ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလည်း အတတ်ပညာရှင်များဖြင့် အကျိုးအပြစ်ကို သေသေချာချာ လေ့လာဆန်းစစ်ကာ ချပေးသင့်ကြောင်း ကံမမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၁)မှ  မကွေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly