ဥရောပ ရွှေဖိနပ်ဆုကို အကြိမ်အများဆုံးရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မက်ဆီ မှတ်တမ်းဝင်

ဥရောပ ရွှေဖိနပ်ဆုကို အကြိမ်အများဆုံးရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မက်ဆီ မှတ်တမ်းဝင်
Photo: EPA

လီယွန်နယ် မက်ဆီဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအတွက် ဥရောပရဲ့ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို အင်္ဂါနေ့က လက်ခံရယူခဲ့ပါတယ်။ ဒီဆုကို သူဟာ ဘောလုံးသမိုင်းကြောင်းတစ်လျှောက် ၅ ကြိမ်မြောက် ဆွတ်ခူးတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

မက်ဆီဟာ ဘာစီလိုနာအတွက် လာလီဂါသွင်းဂိုးပေါင်း ၃၄ ဂိုး သွင်းယူခဲ့ကာ လီဗာပူးလ်ရဲ့ ဆာလတ် (၃၂ ဂိုး)နဲ့ စပါးရဲ့ ကိန်း(၃၀ ဂိုး)တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပါ။

ဥရောပရွှေဖိနပ်ဆု ၄ ကြိမ်ရ မက်ဆီရဲ့ မဟာပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ရီးယဲလ်အသင်းအတွက် လာလီဂါသွင်းဂိုး ၂၆ ဂိုး သွင်းခဲ့ပါတယ်။

အဆိုပါဆုကို လက်ခံရရှိပြီးနောက် မက်ဆီက “ကျနော် ဘောလုံးစတင်ကစားခဲ့တဲ့ အချိန်ကစပြီး အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ စိတ်ကူးထားတာ မရှိခဲ့ပါဘူး။ ဒါက အမှန်တရားတစ်ခုဖြစ်ပါတယ်။ ဘောလုံးကို ပရော်ဖက်ရှင်နယ် ကစားနေဖို့ ကျနော် အိပ်မက်မက်ခဲ့ပြီး ဆုတွေနဲ့ အောင်မြင်မှုရရှိလို့ ပျော်ရွှင်နေပါတယ်။ ကျနော်က ဘောလုံးကစားရတာကို ချစ်ခင်နှစ်သက်ပေမယ့် ဆုတွေ အများကြီး ရလောက်အောင် ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။”လို့ ပြောပါတယ်။

“ကျနော် ကစားရတာနဲ့ ကြိုးစားအားထုတ်ရတာကို ပျော်ရွှင်တယ်။ ကျနော်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ရှိပြီး ကမ္ဘာ့အကောင်းဆုံး အသင်းဖော်ကစားသမားတွေနဲ့အတူ ကစားတယ်။ ဒါ့ကြောင့် အရာရာတိုင်းက ပိုမိုလွယ်ကူစေပါတယ်။”လို့ မက်ဆီက ဆိုပါတယ်။

ဒီဆုပေးပွဲအခမ်းအနားကို ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အသင်းဥက္ကဋ္ဌ ဘာတိုမြူ၊ ဘွတ်စ်ကွက်နဲ့ ရော်ဘတ်တိုတို့လို အသင်းဖော်ကစားသမားတွေလည်း တက်ရောက်ခဲ့ပါတယ်။

မက်ဆီဟာ ဒီရာသီမှာလည်း လာလီဂါသွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူထားပြီး ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဂိုးအများဆုံး သွင်းထားသူအဖြစ် ရပ်တည်နေတဲ့အတွက် နောက်နှစ် ဥရောပရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly