မကွေးတိုင်းတွင် ဘယဆေးဝါးထုတ်မည့် စက်ရုံ တည်ဆောက်ရန် ဂျပန်ဆေးဝါးကုမ္ပဏီ ပြင်ဆင်နေ

မကွေးတိုင်းတွင် ဘယဆေးဝါးထုတ်မည့် စက်ရုံ တည်ဆောက်ရန် ဂျပန်ဆေးဝါးကုမ္ပဏီ ပြင်ဆင်နေ

မကွေး၊ ဒီဇင်ဘာ ၁၂ ။              ။ မကွေးတိုင်းဒေသကြီးတွင် ပွေးကိုင်း(Senna)နှင့်နွယ်ချို(Liquorice)တို့ကို စိုက်ပျိုးပြီး ဘယဆေးဝါးအဖြစ်  စျေးကွက် တင်ပို့ရောင်းချနိုင်ရန ်ဂျပန်ဆေးဝါးကုမ္ပဏီမှ စက်ရုံတည်ဆောက်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ စက်ရုံတည်ထောင်ကာ စျေးကွက်ကို တင်ပို့ရောင်းချနိုင်ရန်အတွက် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဂျပန်ဆေးဝါးကုမ္ပဏီ Alps Phamaceutical Ind Co., Ltd မှ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လာရောက် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ဂျပန်ဆေးဝါးကုမ္ပဏီမှ မကွေးတိုင်းတွင် ပွေးကိုင်း၊ နွယ်ချိုပင် စိုက်ပျိုးရန်နှင့် စက်ရုံတည်မည် ဖြစ်၍ မြေလွတ် မြေလပ်ဧက ၁၀၀၀ ခန့် အနည်းဆုံးလိုအပ်၍ လာရောက်လျှောက်ထားခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီးအစိုးရ အဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးက ပြောသည်။

“ ဒီနေ့ပဲ မကွေးနဲ့ဆင်ပေါင်ဝဲမြို့ဘက်က မြေလွတ်မြေလပ်မြေတွေကို တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးနဲ့ ရင်းနှီးုမြှုပ်နှံမှုနှင့်ကုမ္ပဏီများဦးစီးဌာန (တိုင်း) ညွှန်ကြားရေးမှူးတို့က လိုက်လံပြသ ပေးခဲ့ပါတယ်။ ဘယ်တော့အကောင်အထည်ဖော်မလဲ၊ စမလဲတော့ မသိရသေးပါဘူး” ဟု ဝန်ကြီး ဦးဝင်းမော်ဌေးက ပြောသည်။

အဆိုပါ ဂျပန်ဆေးကုမ္ပဏီမှ ၎င်းတို့ကိုယ်တိုင် ပွေးကိုင်းနှင့်နွယ်ချိုပင်များအား စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ ယခင်က ရှမ်းပြည်ဘက်တွင် ဒေသခံများအား နည်းစနစ်ပေးကာ စိုက်ခိုင်းခဲ့သော်လည်း လိုချင်သည့် အရည်အသွေးမရ၍ ယခုလို မြေလွပ်မြေလပ်လျှောက်ထားစိုက်ပျိုးရခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

“ ကျွန်တော်တို့က မေးတယ်။ ခင်ဗျားတို့ ကိုယ့်ဘာသာစိုက်မှာလား၊ ဒေသခံတောင်သူတွေနဲ့ ပူးပေါင်းပြီး စိုက်မှာလား။ ခင်ဗျားတို့ လိုချင်တဲ့အရည်အသွေးကို ရအောင်လုပ်ပေးပါမယ် ပြောတာကို သူတို့က အဆင်မပြေဘူး။ သူတို့ဘာသာသူတို့ မြေလွတ်မြေလပ်လျှောက်ပြီးတော့ စိုက်မယ်။ စက်ရုံတည်မယ်လို့ ပြောပါတယ်” ဟု ဟု ဝန်ကြီး ဦးဝင်းမော်ဌေးက ပြောသည်။

ဂျပန်ဆေးဝါးကုမ္ပဏီ Alps Phamaceutical Ind Co., Ltd သည် ဘယဆေးဝါးအဖြစ် စျေးကွက်ကို တင်ပို့
ရောင်းချနိုင်ရန်အတွက် အာဖရိကနှင့် အိန္ဒိယရှိ ၎င်းတို့စက်ရုံကို မကွေးတိုင်းဆီ ပြောင်းရွှေ့ လည်ပတ်မည်ဖြစ် ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly