အပန်းဖြေကျွန်းခရီးစဉ်များ၌ ပလတ်စတစ်ရေသန့်ဘူးများအစား အမြဲသုံးရေဘူးများအသုံးပြုရန် စီစဉ်နေ

အပန်းဖြေကျွန်းခရီးစဉ်များ၌ ပလတ်စတစ်ရေသန့်ဘူးများအစား အမြဲသုံးရေဘူးများအသုံးပြုရန် စီစဉ်နေ

မြိတ်၊ ဒီဇင်ဘာလ ၁၈ ။             ။ မြိတ်ကျွန်းစု၏ အပန်းဖြေကျွန်းများသို့ ခရီးသွားပြည်သူများ သွားလာမှုများပြားလာရာမှ ကျွန်းပေါ်တွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် ဖော့ခွက်နှင့် ရေသန့် ပလတ်စတစ်ဘူးများကို လျှော့ချအသုံးပြုနိုင်ရန် အမြဲသုံးရေဘူးများအသုံးပြုရန် မြိတ်ခရီးသွားလုပ်ငန်းရှင်များအသင်းမှ စတင်စီစဉ်နေကြောင်း သိရသည်။

မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က “ လက်ရှိကတော့ ကျွန်တော်တို့ စဖို့ ပြင်နေပါပြီ၊ ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ငန်းရှင်တွေအားလုံးနဲ့ ဆွေးနွေးတဲ့အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတော့ လုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်၊ အခု ကျွန်တော်ရဲ့ Blissful Myanmar Travel & tours မှာ ခရီးသည်တွေကို ရေသန့်ဘူး တစ်ဘူးပဲ ပေးမှာပါ။ ကုန်သွားရင်တော့ ဘူးကြီးမှ ပြန်ငှဲ့ပြီး သောက်သုံးလို့ရအောင် စီစဉ်ပေးထား တယ်”ဟု ပြောသည်။

ကျွန်းခရီးများ ပြေးဆွဲနေသည့် စပိဘုတ်လှေများတွင် ခရီးသည်များအား စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်ရန် အတွက် ဝန်ဆောင်မှုအကောင်းဆုံး ဖြစ်စေရန် အအေး၊ ရေသန့်ဗူးနှင့် မုန့်များ စသည့် အခြားသော စားသောက် ဖွယ်ရာများကို ခရီးစဉ်တွင် အများဆုံး ထည့်ပေးထားခြင်း ဖြစ်ပြီး၊ လက်ရှိမှာ ကျွန်းပေါ်၌ ဖော့ခွက်နှင့် ရေသန့်ဘူး အမှိုက်များ စွန့်ပစ်မှုများလာရာမှ ယင်းသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ခရီးသွားတွေ များလာတော့ ကျွန်းတွေမှာ ထမင်းစားတစ်ခါသုံး ဖော့ခွက်တွေနှင့် ရေသန့်ဘူးတွေ စည်းကမ်းမဲ့ စွန့်ပစ်တာ များလာတော့ ဂိုက်တွေလည်း မကောက်နိုင်တော့ဘူး၊ ဒါကြောင့် အမြဲသုံးလို့ရတဲ့ ဖန်ပုလင်း ရေဘူးလေးတွေကို ထည့်ပေးဖို့ စီစဉ်နေပါပြီ၊ အဲ့ဒီ ရေထည့်သောက်မဲ့ဖန်ပုလင်းကို ခရီးသည်တွေ ကျွန်တော်တို့က Free အဖြစ် လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်၊ ကုမ္ပဏီကို ပြန်ပေးစရာ မလိုတော့ပါဘူး”ဟု  Mergui Dolphin Travel & Tours ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်သန်းက ပြောဆိုသည်။

ပလတ်စတစ်ဘူးများအား အသုံးပြုမှု လျှော့ချရန် အစီအစဉ်ကို မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ကုမ္ပဏီအများစုမှ စတင်ခြင်း မရှိသေးဘဲ လက်ရှိမှာ ကုမ္ပဏီ ၄၊ ၅ ခု ခန့်သာ ရှိသေးကြောင်း ခရီးသွား လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

“အမြဲသုံးလို့ရတဲ့ ဘူးတွေကို အခုလက်ရှိ ခရီးသည်တွေကို ပေးတာမျိုးတော့ မလုပ်နိုင်သေးပါဘူး၊ ရိုးရိုး စျေးကွက်ထဲမှာ ရှိတဲ့ ရေသန့်ဘူး ၁ ဘူးကို ချပေးထားပါတယ်၊ သောက်လို့ ကုန်သွားရင်တော့ အရန်သင့် ထားပေးထားတဲ့ ဗူးကြီးထဲမှ ပြန်ငှဲ့ပြီး သောက်လို့ ရအောင် စီစဉ်ပေးထားပါတယ်”ဟု စွယ်တော် ခရီးသွား ကုမ္ပဏီမှ ဦးအောင်ကိုဝင်းက ပြောသည်။

မြိတ်ကျွန်းစုခရီးစဉ်များမှာ စမတ်ကျွန်းကဲ့သို့ အပန်းဖြေကျွန်းခရီးစဉ်များ ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသည်များ အများဆုံး လာရောက်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly