မန်ယူအသင်းရဲ့ နည်းပြအဖြစ်မှ မော်ရင်ဟိုကို ရုတ်တရက် ထုတ်ပယ်

မန်ယူအသင်းရဲ့ နည်းပြအဖြစ်မှ မော်ရင်ဟိုကို ရုတ်တရက် ထုတ်ပယ်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ။             ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ မော်ရင်ဟိုကို  ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း မန်ယူအသင်းက သတင်းထုတ်ပြန်လိုက်သည်။

နည်းပြ မော်ရင်ဟိုဟာ မန်ယူအသင်းကို ကိုင်တွယ်ခဲ့သည့် သုံးရာသီမြောက်တွင် ယခုလို ထုတ်ပယ် ခံရခြင်းလည်း ဖြစ်ပါသည်။ မော်ရင်ဟိုသည် မန်ယူအသင်းအား ပရီးမီးယားလိဂ်ဆုဖလား ရယူ ပေးနိုင်ခြင်း မရှိသော်လည်း သူ့ရဲ့ ပထမဆုံးရာသီတွင် ယူရိုပါလိဂ်ဖလားကို ရယူပေးထားခဲ့သည်။

မန်ယူအသင်းသည် ယခုလက်ရှိရာသီတွင် အသင်းရလဒ်များ ဆိုးရွားနေပြီး အင်္ဂလန်ပရီးမီးယားလိဂ် ဖလား (၁၇) ပွဲ ကစားပြီးချိန်တွင် အဆင့်ခြောက်နေရာသို့ ရောက်ရှိနေသလို ခြေစွမ်းပိုင်းမှာလည်း ကျဆင်းလျှက် ရှိသည်။ ထို့အပြင် မန်ယူအသင်း၏ ခံစစ်ကစားပုံသည် အင်္ဂလန်ထိပ်သီးအသင်းများထဲတွင် လွန်စွာ ဆိုးရွားနေပြီး ပရီးမီးယားလိဂ် ရဂိုး ၂၉ ဂိုး ရရှိထားသော်လည်း ပေးဂိုး ၂၉ ဂိုး ပြန်လည်ပေးထားရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် လီဗာပူးနှင့်ပွဲစဉ်တွင် မန်ယူအသင်း၏ ကစားပုံသည် လွန်စွာ ဆိုးရွားခဲ့ပြီး ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုအားထုတ်ပယ်ရန် ပရိသတ်များက တောင်းဆိုခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၈ရက်နေ့တွင် မော်ရင်ဟိုအား နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လစ်လပ်နေသည့် မန်ယူနည်းပြနေရာကို အသင်းရဲ့ လက်ထောက်နည်းပြဖြစ်သော မိုက်ကယ် ကားရစ်က ရာသီအကုန်ထိ ဆက်လက်တာဝန်ယူသွားမည်ဟု သိရသည်။

လက်ရှိတွင် မန်ယူနည်းပြရာထူးအတွက် ရီးရဲမက်ဒရစ်အသင်းမှ နှုတ်ထွက်ထားသည့် ဇီဒန်း ရောက်ရှိရန် ရေပန်းစားနေပြီး စပါးအသင်း၏ နည်းပြ ပိုချက်တီနိုမှာလည်း ဒုတိယရေပန်းအစားဆုံး ဖြစ်နေကြောင်း နိုင်ငံတကာ အားကစားသတင်းများအရ သိရသည်။

မော်ရင်ဟိုသည် မန်ယူအသင်းအား ပွဲစဉ်ပေါင်း ၁၄၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ၈၄ ပွဲနိုင် ၊ ၃၂ ပွဲ သရေ ၊ ၂၈ ပွဲရှုံးနိမ့်ထားသည်။ ၂၀၁၇ ခုနှစ်တွင် ယူရိုပါလိဂ်ဖလား ၊ ကာရာဘောင်းဖလား ၊ ၂၀၁၆ ခုနှစ်တွင် ကွန်မြူနတီဒိုင်း တို့ကို ရယူပေးထားနိုင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly