မကွေးတွင် ကျေးရွာ ၂၅ ရွာအား မြေငှားဂရန်ထုတ်ပေးရန် ဆောင်ရွက်နေ

မကွေးတွင် ကျေးရွာ ၂၅ ရွာအား မြေငှားဂရန်ထုတ်ပေးရန် ဆောင်ရွက်နေ

မကွေး၊ ဒီဇင်ဘာ ၁၈ ။             ။ မကွေးတိုင်းတွင် မြို့ပြအခြေအနေဖွံ့ဖြိုးပြောင်းလဲလာမှုအား မှတ်တမ်းတင်နိုင်ရန်နှင့် ကျေးရွာ(၂၅)ရွာအား မြေငှား ဂရန်များထုတ်ပေးနိုင်ရန် မြေတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန မှ သိရသည်။

“မြို့အခြေအနေတွေက ပြောင်းလဲနေကြပြီ ။ အသေးစိတ်တိုင်းတာဖို့ လိုနေတဲ့အတွက်ကြောင့် အောင်လံ ၊ ငဖဲ ၊ ကျောက်ထု ၊ နတ်မောက် မြို့(၄)မြို့ကို မြေတိုင်းဖို့ရှိပါတယ်။ တစ်ချို့မြို့တွေစတိုင်းနေပါပြီ။ ကျေးရွာမြေငှား ဂရန်တွေ ထုတ်ပေးနိုင်ဖို့ အတွက်လည်း တိုင်းအတွင်း ၂၅မြို့နယ်မှာ တစ်မြို့နယ်တစ်ရွာနှုန်းနဲ့ ကျေးရွာ ၂၅ရွာ တိုင်းတာရေးတွေ စလုပ်နေပါပြီ ” ဟု တိုင်းဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။

ကျေးရွာမြေဂရန်ထုတ်ပေးရန် တိုင်းတာရေးလုပ်ငန်းတွင်လိုအပ်နေသည့် Demarcation Officer(နယ်ခြားဝန်) နှင့် Boundary Officer(နယ်သတ်ဝန်)များခန့်ထားပေးရန် တင်ပြထားကြောင်း ၊ မူလရွာမြေ၊ တိုးချဲ့မြေ၊ ထပ်မံတိုးချဲ့ရန်ရည်ရွယ် သည့်မြေများကို Boundary Officer မှသတ်မှတ်ပေးရပြီး လရ-၃၀(ခ) ပြန်လျှောက် ကာ မူလရွာမြေနှင့်ပေါင်းစပ်ပေးရကြောင်း တိုင်းဦးစီးကရှင်းပြသည်။

“ရွာတွေမှာက ရွာဝိုင်းကြီးပဲရှိတယ်။ တစ်ဦးချင်းပိုင်မရှိဘူး။ မရှိတော့ ပြဿနာဖြေရှင်းဖို့တော်တော်ခက်တယ်။ ဂရန်တွေရပြီး သူ့အကွက်နဲ့သူဖြစ်သွားရင် ပြဿနာတွေ ဖြစ်ရင်လည်း ရှင်းလို့လွယ်သွားပြီ။ စီမံခန့်ခွဲရတာ ပိုလွယ် သွားတာပေါ့။ ဒါပေမယ့် တစ်နှစ်ထဲလည်း အများကြီး လုပ်လို့မရဘူး။ စီမံချက်နဲ့လုပ်ရတာပေါ့ ” ဟု တိုင်းဦးစီး မှူး ဦးဇော်ဝင်းက ဆိုသည်။

တစ်နှစ်လျှင် တစ်မြို့နယ်ကျေးရွာတစ်ရွာနှုန်းဖြင့် ကျေးရွာဂရန်ထုတ်ပေးရေးအတွက် မြေတိုင်းလုပ်ငန်း လုပ်ဆောင်ခဲ့သည်မှာ ၃နှစ်ရှိပြီဖြစ်ပြီး တောမြေတိုင်းတာလျင် ၁၆လက်မ တစ်မိုင်စကေး ၊ ဂရန်ပေးကာ မြို့မြေတိုင်းလျင် ၆၄ လက်မ တစ်မိုင်စကေးဖြင့် တိုင်းတာမှုများလုပ်ဆောင်ရကြောင်း တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly