ပဲခူးတိုင်းအတွင်းက သဘာဝဘေးဒဏ်ခံ ပြည်သူများအတွက် ဆန်တန်ချိန် ၆၅၀ ကို ကိုရီးယားနိုင်ငံမှ လှူဒါန်း

ပဲခူးတိုင်းအတွင်းက သဘာဝဘေးဒဏ်ခံ ပြည်သူများအတွက် ဆန်တန်ချိန် ၆၅၀ ကို ကိုရီးယားနိုင်ငံမှ လှူဒါန်း

ဒီဇင်ဘာ ၁၈။ ။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးဒဏ်ခံ ပြည်သူများအတွက် ဆန်တန်ချိန် ၆၅၀ ကို ကိုးရီးယားနိုင်ငံမှ လှူဒါန်းခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ထိုလှူဒါန်းမှု အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

"တိုင်းဒေသကြီးအနေဖြင့် ရေကြီးနစ်မြှုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ဧကများ အချိန်မီ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေး၊ ရေဘေးသင့်ပြည်သူများ လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်နိုင်ရေးတို့ကို နိုင်ငံတော်အစိုးရ၊ ပြည်တွင်း/ပြည်ပ အလှူရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ ယခုလို သဘာဝဘေးသင့်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားနည်းလည်မှုဖြင့် အရေးပေါ် အရန်ဆန်ရိက္ခာအစီအစဉ် (၃)အရ ကိုရီးယားနိုင်ငံ မှ ဆန်တန်ချိန်(၆၅၀)အားလာရောက်ထောက်ပံ့ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း" ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ပြောကြားချက်အား ထို သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လကုန်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်က ဆွာရေပိုလွှဲကျိုးပဲ့ခဲ့မှုကြောင့် သီးနှံစိုက်ဧက ပျက်စီးမှုအပြင် အကျိုးဆက်အနေဖြင့် စစ်တောင်းမြစ်ရေ မြှင့်တက်မှုဖြစ်ပေါ်ကာ မြစ်ဘေးတစ်လျှောက် ကျေးရွာများ ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားခဲ့ကြရသည်။ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များကြောင့် ရေဘေးသင့် ပြည်သူ တစ်သိန်းကျော်နှင့် လေဘေးသင့် ပြည်သူ တစ်သောင်းတစ်ထောင်ကျော် ရှိလာခဲ့သည်ဟု ဒီဇင်ဘာ ၁၈ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုဘေးဒဏ်သင့်များသို့ အာဆီယံအပေါင်း (၃) အရေးပေါ်အရန်ဆန်ရိက္ခာအစီစဉ်အရ ကိုးရီးယားနိုင်ငံမှ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသံရုံး ကိုယ်စားလှယ် Mr. Jung Yung Soo က တက်ရောက်ခဲ့ပြီး ဆန်တန်ချိန် ၆၅၀ ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယခု ထောက်ပံ့ပေးအပ်သော ဆန်တန်ချိန် ၆၅၀ ကို တောင်ငူမြို့နယ် အတွက် ကီလို(၄၀)အိတ် (၃၄၇၁)အိတ်၊ ရေတာရှည်မြို့နယ်အတွက် (၆၁၇၃)အိတ်၊ ကျောက်ကြီးမြို့နယ်အတွက် (၂၇၂)အိတ်၊ ဖြူးမြို့နယ်အတွက် (၅၃၈)အိတ်၊ အုတ်တွင်းမြို့နယ် အတွက် (၁၈၂)အိတ်၊ ထန်းတပင်မြို့နယ်အတွက် (၁၈)အိတ်၊ ပဲခူးမြို့နယ်အတွက် (၁၈၅၀)အိတ်၊ သနပ်ပင်မြို့နယ်အတွက် (၅၂၆)အိတ်၊ ကဝမြို့နယ်အတွက် (၉၇၇)အိတ်၊ ဝေါမြို့နယ်အတွက် (၂၅၈)အိတ်၊ ညောင်လေးပင်မြို့နယ်အတွက် (၇၄၅)အိတ်၊ ဒိုက်ဦးမြိုနယ် အတွက် (၃၉)အိတ်နှင့် ရွှေကျင်မြို့နယ်အတွက် (၁၂၀၁)အိတ်၊ စုစုပေါင်း ကီလို(၄၀)အိတ် (၁၆၂၅၀)အိတ်၊ မတ်ထရစ်တန်ချိန် (၆၅၀)တန်အား မြို့နယ်အလိုက် သဘာဝဘေးသင့် ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်စေရေး ခွဲဝေထောက်ပံ့ပေးသွားမည်ဟု ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း အာဆီယံအပေါင်း (၃) အရေးပေါ်အရန်ဆန်ရိက္ခာ အစီစဉ် (၃) အရ ကိုးရီးယားနိုင်ငံသည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှ သဘာဝဘေးသင့်ပြည်သူများသို့ ဆန်တန်ချိန် ၂၅၀ ကို လှူဒါန်းခဲ့သည်။

ဓာတ်ပုံ - ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly